
မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ
MT News
၁၀. ၄. ၂၀၂၅
ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးငလျင်ဒဏ်သင့်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်းဒေသများရှိ ဆေးရုံကြီးများတွင် စုစုပေါင်း ခုတင်(၄၀၀)ပါဝင်မည့် ယာယီဆေးရုံများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်လက်တွဲ၍ တည်ဆောက်ဖွင့်လှစ်ပေးလျက်ရှိသည်။
ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီးအတွက် HDU (၁၂)ခုတင်ပါ ခုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီ ၆ ရက်တွင်လည်းကောင်း၊ မန္တလေး ကန်တော်နဒီ ပြည်သူ့ဆေးရုံအတွက် HDU (၆)ခုတင်ပါ ခုတင်(၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီ ၈ ရက်တွင်လည်းကောင်း ဖွင့်လှစ်၍ ကုသမှုများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ အများအပြား ဆေးကုသမှုခံယူလျက်ရှိသည့် မန္တလေး အရိုးအကြော အထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ခုတင်(၁၀၀) ယာယီဆေးရုံတစ်ခုစီကိုလည်း အလျင်အမြန် ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အထက်ပါ ယာယီဆေးရုံများတွင် အဆောက်အဦအပြင် လူနာခုတင်များ၊ HDU ခုတင်များ၊ လေအေးပေးစက်နှင့် ကုသမှုအထောက်အကူပြုပစ္စည်းများ၊ မီးသတ်ဆေးဘူးများနှင့် လိုအပ်သည့် အသုံးအဆောင်များ ပါဝင်ပြီး ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် Duty Room, နားနေဆောင်၊ Mobile Toilet များလည်း တစ်ပါတည်း ထည့်သွင်းတည်ဆောက်ထားကြောင်း သိရှိရသည်။








