
၁၀.၄.၂၀၂၅
Written By Thandar
အသံအားကောင်းကောင်းကြောင့် ဂီတနဲ့ ပတ်သက်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်က မတ်လနှောင်းပိုင်းလောက်ထဲ သမီးဦးရတနာလေးကို အောင်မြင်စွာမွေးဖွားခဲ့ပြီး မီးတွင်း ကာလမှာ ငလျင်သတင်းကြားရချိန် စိတ်တွေအရမ်းကြေကွဲရပါတယ်လို့ ဆိုပါတယ်။

“နီနီ မီးဖွားပြီး ၂ ရက်အကြာမှာ ကြုံတွေ့ရတဲ့ အဆိုးရွားဆုံး ငလျင်ဒဏ်ကြောင့် သတင်းတွေကြားရချိန်မှာ စိတ်တွေ အရမ်းကြေကွဲရပါတယ်။ Social Media လည်း ကျမ မသုံးဖြစ်တဲ့အချိန်မို့ပါ။ ကိုယ်တိုင်မသွားနိုင်ပေမယ့် စစ်ကိုင်းထိ သွားရောက်ကူညီနေတဲ့ မခိုင်နှင်းဝေ၊ ပရဟိတအဖွဲသားများနဲ့ အတူ တတ်နိုင်တာလေး လှူဒါန်းပါတယ်ရှင်။ စေတနာ့ပရဟိတအဖွဲသားများနဲ့ ဝိုင်းဝန်းကယ်ဆယ်နေကြသူများနဲ့ ငလျင်ဘေးသင့်ပြည်သူများအားလုံး ဘေးရန်ကင်းကွာကြပါစေ။ ကပ်ဆိုးများအမြန်ဆုံးကျော်လွှားနိုင်ရပါစေ”လို့ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။
သူမကတော့ ကလေးမွေးပြီးနောက်မှသိရတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို သရုပ်ဆောင် ခိုင်နှင်းဝေကတစ်ဆင့် ကျပ်သိန်း ၂၀ ကို ပါဝင်လှူဒါန်းခဲ့ပါတယ်။ နီနီခင်ဇော်ကတော့ သမီးလေးပုံလေးကိုတော့ မျက်နှာလေးကို ဖုံးကွယ်ပြီး တင်လေ့ရှိရာ ဖေဖေရော၊ မေမေရောနဲ့တူတဲ့ သမီးလေးကို လက်ရှိမှာ ပိုင်ဆိုင်ထားပြီလို့လည်း အသိပေးထားပါတယ်။
“သမီးရော မေမေရော ကျန်းမာစွာဖွားမြင်နိုင်ခဲ့ပါတယ်…။ စိတ်ပူပေးကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။