
အခွန်ကောက်ခံမှု ဆိုင်းငံ့ရာတွင် တရုတ်နိုင်ငံမပါဝင်
၁၀.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ထရန့်က ကမ္ဘာ့နိုင်ငံတွေအပေါ် အမေရိကန်အစိုးရက ပိုမိုမြင့်မားတဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေ ပြဌာန်းခဲ့မှုအပေါ် ရက် ၉၀ ခေတ္တဆိုင်းငံ့ထားတယ်လို့ ဧပြီလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီလိုဆိုင်းငံ့မှုမှာ တရုတ်နိုင်ငံမပါဝင်ဘဲ အမေရိကန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲအသွင် ဖြစ်ပေါ်လာမှုကတော့ ပိုလို့ပြင်းထန်လာနေတာ တွေ့ရပါတယ်။
ပိုမိုမြင့်မားတဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေ ပြုလုပ်ဖို့ ကြေညာခဲ့အပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်က အကြမ်းအားဖြင့် ကုန်သွယ်ဘက်နိုင်ငံ ၆၀ တို့အကြား ညှိနှိုင်းဆွေးနွေးနေကြစဥ်မှာတော့ အပြန်အလှန် အခွန်ကောက်ခံမှုကို ၁၀ ရာခိုင်နှုန်းလျှော့ချထားတယ်လို့ ထရန့်က ပြောခဲ့ပါတယ်။
ဒီအချိန်ကာလမှာပဲ တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စုမှ သွင်းကုန်တွေကို ကုန်သွယ်စည်းကြပ်ခွန် ၈၄ ရာခိုင်နှုန်းကောက်ခံမယ်လို့ လက်တုံ့ပြန်ပြဌာန်းခဲ့ခြင်းက လေးစားမှုမရှိတာကို ပြတာပဲလို့ စွပ်စွဲပြီး တရုတ်နိုင်ငံမှသွင်းကုန်တွေကို ၁၂၅ ရာခိုင်နှုန်းထိ စည်းကြပ်ခွန်မြှင့်တင်ခဲ့ပါတယ်။ ဒါက နိုင်ငံတကာ ကုန်သွယ်ရေးလောကမှာ အကြီးမားဆုံးသော ကသောင်းကနင်းဖြစ်မှုလို့ဆိုရမယ့် အမေရိကန်နိုင်ငံကို သွင်းကုန်တွေအပေါ် ထရန့်က အခွန်တွေ တိုးမြှင့်ကောက်ခံဖို့ကြေညာအပြီး တစ်ပတ်အကြာမှာဖြစ်ခဲ့တာပါပဲ။
သူ့ရဲ့ ဒီလိုကောက်ခံမယ့်စီမံချက်မှာ အခြေခံအနေနဲ့ အမေရိကန်သို့ သွင်းကုန်တွေအားလုံးအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့တာပါ။ ဒါပေမယ့် မျှတမှုမရှိတဲ့ကုန်သွယ်မှုအလေ့အထတွေ ကျင့်သုံးနေတယ်လို့ ထရန့်ကယူဆပြီး အဆိုးဆုံးပြစ်မှုကျူးလွန်သူတွေအဖြစ် အိမ်ဖြူတော်က သတ်မှတ်ခဲ့တဲ့ ကုန်သွယ်ဖက်တွေကို ပိုမိုမြင့်မားတဲ့ အခွန်တွေ ကောက်ခံစေခဲ့တာပါပဲ။
ဒီလိုပိုမိုမြင့်မားတဲ့ အခွန်တွေကောက်ခံဖို့ သတ်မှတ်ပြဌာန်းခံရတဲ့ နိုင်ငံတွေမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံနဲ့ အခြားနိုင်ငံများစွာ ပါဝင်ကြပါတယ်။ သူတို့တွေအားလုံးဟာ အမေရိကန်အစိုးရရဲ့ ကုန်သွယ်စည်းကြပ်ခွန် ၁၁ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကျော်အထိ ကောက်ခံမှုကို ခံကြရတာပါ။
ပြီးခဲ့တဲ့အပတ်အတွင်း ထရန့်ရဲ့ အမေရိကန်သို့ သွင်းကုန်တွေအပေါ် ပိုမိုမြင့်မားတဲ့ အခွန်တွေကောက်ခံဖို့ ကြေညာခဲ့အပြီးမှာ ကမ္ဘာတစ်ဝန်း တန်ဖိုးနည်းပစ္စည်းရောင်းချရမှုတွေက ဒေါ်လာ ထရီလျံနဲ့ ချီလို့ အရှုံးပေါ်ခဲ့တယ်ဆိုပါတယ်။ အမေရိကန်နိုင်ငံသား အများအပြားဟာလည်း ကုန်ဈေးနှုန်းတွေမြင့်တက်လာမှာ စိုးရိမ်လာကြပြီး အကဲခတ်လေ့လာသူတစ်ချို့က စီးပွားရေးကျဆင်းမှု အလားအလာတွေ ရှိတယ်လို့ ဆိုခဲ့ကြတာပါ။
အဆိုပါကြေညာချက်အပေါ် တရုတ်နိုင်ငံမပါတဲ့ တချို့ နိုင်ငံတွေအတွက် ရက် ၉၀ ဆိုင်းငံ့ထားဖို့ ဧပြီလ ၉ ရက်မှာ ကြေညာခဲ့အပြီးမှာတော့ ထရန့်က အမေရိကန်အနေနဲ့ ခုလိုအခွန်တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာချက်အပေါ် လက်တုံ့ပြန်မယ်ဆိုရင် ဒီဘက်ကအခွန်ကို နှစ်ဆတိုးကောက်ခံမယ်လို့ပြောခဲ့ပါတယ်။ ဒီအတွက် တုံ့ပြန်မှုမပြုတဲ့နိုင်ငံတွေကို ခုလို ရက် ၉၀ ဆိုင်းငံ့ထားခဲ့ပြီး ဒါကိုတရုတ်အတွက်ပဲ လုပ်ဆောင် နေတာပဲလို့ ပြောခဲ့ပါတယ်။
Ref- bbc