
၁၀. ၄. ၂၀၂၅
Written by Nay Moe
ငလျင်ကြောင့် အပစ်ရပ်မယ်လို့ NUG ကြေညာထားပေမဲ့ မလိုက်နာတဲ့ မြိုင် PDF တွေက ရိက္ခာဝယ်ဖို့ထွက်လာတဲ့ တပ်မတော်သားတွေကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားတယ်လို့ မြိုင်ပကဖက ဒီမနက်မှာ ထုတ်ပြန်ပြောလာပါတယ်။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ပုသိမ်-မုံရွာလမ်းပေါ်က အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းကနေ ဧပြီလ ၉ ရက် မနက်ပိုင်းမှာ ရိက္ခာအဝယ်ထွက်လာတဲ့ ခုနစ်ဦးခန့်ပါ လုံခြုံရေးတပ်စိတ်ကို PDF ခုနစ်ဖွဲ့ပေါင်း ချောင်းမြောင်းတိုက်ခိုက်ကြတာပါ။
ဒီလို ချောင်းမြောင်း တိုက်ခိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး MA 3 သေနတ် တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်းတစ်လုံး၊ ကျည်ဘောက်သုံးဘောက်နဲ့ ကျည်ကာပြားတွေ သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။
ဒီစည်းဖောက်မှုကို မြိုင်-ပကဖ၊ ဓားမင်းကြီးတပ်ဖွဲ့၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၊ ဝံပုလွေ ပြောက်ကျား တပ်ဖွဲ့၊ ကိုမုဆိုး၊ ကိုစတီးနဲ့ ကိုကင်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း မြိုင်ပကဖက ဝန်ခံထားပါတယ်။