
MT News
၁၀. ၄. ၂၀၂၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop အား ဧပြီ ၉ ရက်၊ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးနိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။



အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းပါကြောင်းနှင့် စာနာထောက်ထားမိပါကြောင်း ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ UNOCHA ၏ အကြီးအကဲနှင့် Under-Secretary-General ဖြစ်သူ Mr. Tom Fletcher ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဧပြီ ၆ ရက်တွင် လက်ခံတွေ့ဆုံစဥ် Mr. Tom Fletcher က ငလျင်ဘေးသင့်ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာမှ ယခုအချိန်အထိ လှူဒါန်းရန် ကတိပြုငွေ အမေရိကန် ဒေါ်လာ ၉၃ သန်း ရရှိထားပါကြောင်း၊ ကုလသမဂ္ဂ၏ အရေးပေါ်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၅ သန်းအား အသုံးပြုသွားမည်ဖြစ်ပါကြောင်းနှင့် ယင်းတို့ကို အသုံးပြု၍ အကူအညီပေးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် ကုလသမဂ္ဂဝန်ထမ်းများကို စေလွှတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားထားသည်။