မြန်မာအစိုးရအနေဖြင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေစွာဆောင်ရွက်ပေး၍ လူနာများကုသရာတွင် ပိုမိုအဆင်ပြေသည့်အတွက် အမေရိကန်ဆေးကုသရေးအဖွဲ့တာဝန်ခံက ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြား





၉. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ယာယီဖွင့်လှစ် ကုသပေးလျက်ရှိသည့် အမေရိကန်အခြေဆိုက် Samaritan’s Purse Internation Relief Organization ၏ ရွေ့လျားဆေးရုံသို့ ယနေ့ သွားရောက်စစ်ဆေးခဲ့ပြီး လာရောက်ကူညီဆောင်ရွက်မှုအတွက် အမေရိကန်အစိုးရနှင့် ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရွေ့လျားဆေးရုံသို့ ရောက်ရှိစဉ် ဆေးရုံတာဝန်ခံ Dr. Elliott Tenpenny က ဆေးရုံ၌ လူနာများ ခွဲစိတ်ကုသပေးနေမှုနှင့် ဆေးရုံဖွင့်လှစ်ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ SAC ဥက္ကဋ္ဌက ရွေ့လျားဆေးရုံအတွင်း လိုက်လံကြည့်ရှုပြီး လူနာများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ယခုကဲ့သို့ မြန်မာနိုင်ငံအား လာရောက်ကူညီဆောင်ရွက်မှုအတွက် အမေရိကန်နိုင်ငံအစိုးရနှင့် အမေရိကန်ပြည်သူလူထုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမေရိကန်ဆေးကုသရေးအဖွဲ့မှ တာဝန်ခံက မြန်မာနိုင်ငံသို့ မိမိတို့လာရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာဖြင့် ဆောင်ရွက်ပေးသည့်အတွက် မိမိတို့အနေဖြင့် လူနာများကုသရာတွင် ပိုမိုအဆင်ပြေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရွေ့လျားဆေးရုံမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ပူးပေါင်း၍ ကွန်တိန်နာဘောက်များဖြင့် ဆောက်လုပ်ထားသည့် အရေးပေါ် ခေတ်မီရွေ့လျားဆေးရုံဖြစ်ပြီး ပြင်ပလူနာဌာန၊ အရေးပေါ်ကုသမှုဌာန၊ ခွဲစိတ်ခန်း၊ ဆေးစတိုနှင့် ဓာတ်ခွဲခန်းတို့ပါဝင်ကြောင်း၊ လူနာ ၆၀ ဦးအား ကုသပေးနိုင်ရန်အတွက် ခုတင် ၆၀ ခန့် ယာယီဆေးရုံ ဖြစ်ကြောင်း သိရသည်။
အဆိုပါယာယီဆေးရုံတွင် လူနာမျိုးစုံအား အခမဲ့ကုသပေးခြင်း၊ ခွဲစိတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါအဖွဲ့တွင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ခွဲစိတ်ဆရာဝန်၊ အရိုးကုဆရာဝန်များ အပါအဝင် ပါရဂူနှင့် သူနာပြုများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမေရိကန်ဆေးကုသရေးအဖွဲ့အနေဖြင့် ဧပြီ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဧပြီ ၇ ရက်မှစတင်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူနာ ၂၀ ဦးအား ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက်တွင်လည်း အထူးကြပ်မတ်ဆောင် ၁ ဆောင်နှင့် ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် SAC ဥက္ကဋ္ဌသည် ငလျင်ဒဏ်ကြောင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1) ပင်မအဆောက်အအုံ အဝင် မျက်နှာကြက် ထိခိုက်ပျက်စီးမှုများ၊ ကျောက်စိမ်းခန်းမ၊ ပတ္တမြားခန်းမ၊ မြခန်းမတို့ မျက်နှာကြက်ပျက်စီးမှုများနှင့် အစည်းအဝေးခန်းမများ၊ နံရံများ အနည်းငယ်ကွဲအက်နေမှုနှင့် ပျက်စီးမှုအချို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကုန်းချောတမံအက်ကွဲကြောင်းများအား ယာယီပြုပြင်ထားရှိမှု၊ အက်ကွဲကြောင်းများအတွင်း သဲနှင့်မြေသားဖြည့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မြေသားစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ထိခိုက်မှုရှိခဲ့သည့် ကုန်းချောတမံအား ပြန်လည်ပြုခြင်းလုပ်ငန်းကို မိုးရာသီမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။