MT News
Written by Nay Moe
တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Black Fox Ygn UG အဖွဲ့ဝင်နှစ်ဦးက ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးချိန်တွင် ၎င်းရုံးဘေးကပ်လျက်ရှိ ငွေတောင်စားသောက်ဆိုင်မှဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးသဖြင့် တစ်ဦးဖမ်းမိသည့်အပေါ် ရန်ကုန်မှ UG အဖွဲ့များက ငွေတောင်စားသောက်ဆိုင်နှင့် ဝန်ထမ်းများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်စာများ ဝိုင်းဝန်းထုတ်ပြန်နေကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်တွင် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်သူနှစ်ဦးက အသံဗုံးဖောက်ပြေးသော်လည်း အနီးပတ်ဝန်းကျင်မှ ပြည်သူများနှင့် ငွေတောင်စားသောက်ဆိုင်မှဝန်ထမ်းအချို့က ဝိုင်းဝန်းဖမ်းဆီးရာ Black Fox Ygn UG အဖွဲ့ဝင် သာဒင် ဖမ်းဆီးခံခဲ့ရသည်။ သို့သော် လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူ သာဒင်မှာ သေဆုံးသွားပြီဟု သတင်းများဖြန့်ကာ ငွေတောင်စားသောက်ဆိုင်ကို တိုက်ခိုက်ရေးအတွက် ဝိုင်းဝန်းတွန်းအားပေးနေသည်ကို တွေ့ရသည်။
လက်ရှိအချိန်တွင် လူမှုကွန်ရက်ပေါ်၌ ငွေတောင်စားသောက်ဆိုင်၏ မိသားစုများနှင့် ဆိုင်ဝန်ထမ်းများနေထိုင်ရာကို ဝိုင်းဝန်းဖော်ထုတ်နေပြီး ငွေတောင်စားသောက်ဆိုင်နှင့် ဝန်ထမ်းများကို တိုက်ခိုက်မည်ဟု Black Fox Ygn UG၊ Dark Shadow Ygn UG၊ Yangon UG S.P.T တို့က သတိပေးစာများ ထုတ်ပြန်ထားသည်။ ထို့အပြင် အခြားသော PDF များကလည်း ငွေတောင်စားသောက်ဆိုင်ကို စစ်ရေးပစ်မှတ်အဖြစ် တုံ့ပြန်မည်ဖြစ်ကြောင်းနှင့် M.S PDF Supporting Group ကလည်း Yangon UG များ ငွေတောင်စားသောက်ဆိုင်ကို တိုက်ခိုက်ရာတွင် အကူအညီပေးရန် တောင်းဆိုနေသည်။