
၉. ၄. ၂၀၂၅
Written by Nyein Kyaw
ဧပြီ ၉ ရက် ယနေ့ ညနေ ၆ နာရီအထိ ငလျင်ဘေးကြောင့် သေဆုံးသူ ၃၆၄၉ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀၁၈ ဦးအထိ ရှိလာခဲ့ပြီး နိုင်ငံတကာမှ ကူညီထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂၅၇၀ ကျော် ရောက်ရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေ့ ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၆၄၉ ဦး၊ ဒဏ်ရာရသူ ၅၀၁၈ ဦး၊ ပျောက်သူစုစုပေါင်း ၁၄၅ ဦးရှိပါတယ်။ ဒီသေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးသူတွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့လည်း မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကူညီထောက်ပံ့မှုအနေဖြင့် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ လေယာဥ်ခေါက်ရေ ၁၀၆ ခေါက်ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး၊ ထောက်ပံ့ရေးပစ္စည်း ၁၄၇၂ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၀၀ ကျော် ရောက်ရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ယခင်တုန်းကလည်း နိုင်ငံတွေကို အမည်စာရင်းနဲ့ ဖော်ပြပြီးဖြစ်ပါတယ်။ ထပ်တိုးလာတဲ့ နှစ်နိုင်ငံကတော့ ဩစတြေးလျနိုင်ငံနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခင်က မြန်မာ့ငလျင်ဘေးအတွက် ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူရကီ၊ အမေရိကန်၊ သီရိလင်္ကာ စသည့် နိုင်ငံ ၂၀ မှ ကူညီကယ်ဆယ်မှုများ၊ ထောက်ပံ့ပစ္စည်းပို့ဆောင်မှုများ ရောက်ရှိခဲ့ပြီးဖြစ်သည်။