
၉.၄.၂၀၂၅
Written By Zun
ပစ္စည်းများထုတ်ယူနိုင်ရန် မန်းမြန်မာဈေးချိုပလာဇာ၊ မြေညီထပ် ဈေးရုံကြီးကို ဧပြီလ၂၁ ရက်တွင် ခေတ္တဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အဆိုပါ ဈေးသူဈေးသားများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီလ ၃ ရက်တွင် မန်းမြန်မာဈေးချိုပလာဇာကို တိုင်းဆောက်လုပ်ရေး ဝန်ကြီးနှင့် အောင်ပြည်တန်ကုမ္ပဏီ အင်ဂျင်နီယာအဖွဲ့၊ ဈေးဌာနမှူးနှင့်အဖွဲ့၊ ဈေးအကျိုးဆောင်များက ဈေးကြီးကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မန်းမြန်မာပလာဇာ မြေအောက်ထပ် ကားပါကင်ဘက်အခြမ်းတွင် အားနည်းသွားသော ထုပ် (၃)ချောင်းကို ဒေါက်ထောက် ထားရကြောင်း၊ မြေညီထပ်အတွက် တိုင်နှင့် ထုပ်ဆုံချက် (၅) နေရာခန့်ကို ပြန်လည်စစ်ဆေး၍ ပြုပြင် ပေးရမည် ဖြစ်ကြောင်း၊ ယင်းသို့ ပြုပြင်ပြီးမှသာ ဈေးပြန်လည် ရောင်းချခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
“ဧပြီ ၂၁ ရက် တစ်ရက်တည်းပဲ ဈေးဆိုင်ရောင်းသူတွေ ပစ္စည်းတွေကို ဆိုင်ကနေ ထုတ်ကြရမှာပေါ့။ ပြန်ပြင်စရာတွေ ရှိနေတာကြောင့် ဆိုတော့လေ။ ဈေးအကျိုးတော်ဆောင်အဖွဲ့က ပြောတာဗျ။ ဒီနေ့ ဈေးရုံကြီးထဲကို စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ၊ ဈေးအကျိုးတော်ဆောင်လူကြီးတွေ သွားပြီးတော့ လျှပ်စစ်မီးလိုင်းတွေကို ဝင်စစ်ခဲ့တယ်ဗျ။ အားလုံးဘေးအန္တရာယ် ကင်းတယ်လို့ ပြောပါတယ်ဗျ”ဟု ဈေးသူဈေးသားတစ်ဦးက MT News ကို ပြောသည်။
ဧပြီလ ၂၁ ရက်တွင် ပစ္စည်းများထုတ်ခွင့်ရမည် ဖြစ်သောကြောင့် ဧပြီလ ၂၀ ရက် နံနက် ၉ နာရီအချိန်တွင် ဈေးအတွင်း စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနက သန့်ရှင်းရေးလုပ်မည် ဖြစ်ကြောင်း၊ ယင်းကြောင့် ဈေးရုံလိုင်းအလိုက် ကိုယ်စားလှယ် အကျိုးတော်ဆောင်များ လာရောက်၍ကူညီ ဝန်းရံပေးကြရန်လည်း ဖိတ် ခေါ်ထားကြောင်း သိရသည်။ Photo / CJ