၂၃. ၁. ၂၀၂၃
Written by Min Mahar
ယမန်နေ့က မန္တလေးမြို့တွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို No More Dictatorship People Defence Force – NMD အဖွဲ့မှ အတုအယောင် ရွေးကောက်ပွဲအား ဒုတိယအဆင့်အနေဖြင့် တိုက်ခိုက်ခြင်းဟု ခေါင်းစဉ်တပ်ကာ ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဝန်ခံပြောဆိုထားသည့် ကြေညာချက်ကို တွေ့ရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ ၉ လမ်းပေါ်ရှိ အမရဌာနီအရှေ့ ရပ်ကွက်ရုံးအား ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် နေ့လည် ၂ နာရီဝန်းကျင်တွင်လည်း ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၆၂ လမ်းပေါ်ရှိ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရုံးအားထပ်မံ၍ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါရပ်ကွက်ရုံး ၂ ရုံးလုံးကို ၎င်းတို့ NMD အဖွဲ့က တိုက်ခိုက်ခဲ့ပြီး SAC အဖွဲ့မှ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကိုလည်း အတုအယောင်ရွေးကောက်ပွဲဟု စွပ်စွဲပြောဆိုကာ ပြည်သူများအနေဖြင့် ဆန့်ကျင်ကြဟုလည်း ထပ်မံပြောဆိုထားသည်ကိုလည်း တွေ့ရှိရသည်။
ထိုဖောက်ခွဲဖျက်ဆီးမှု ၂ ကြိမ်တွင် လူနှင့်အဆောက်အဦထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းလည်း MT News အနေဖြင့် စုံစမ်းသိရှိရသည်။