
ပုံစာ။ ပဋိပက္ခဖြစ်ပွားနေသော KIA နှင့် TNLA၊ ဂွမ်မော် ရေးသားချက် (Photo / Credit)
၉. ၄. ၂၀၂၅
Written by Nay Moe
ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က MNDAA ၊ TNLA နဲ့ AA တို့ကို ခွေးနဲ့နှိုင်းတဲ့ပို့စ် မနှစ်က ဧပြီလမှာ တင်ခဲ့ပြီးချိန်ကစ တအာန်းလက်နက်ကိုင် PSLF/TNLA ဟာ KIO/KIA လက်နက်ကိုင်စခန်းတွေကို ပိတ်သိမ်းတာ၊ ထိုးကြိတ် ရိုက်နှက်ဖမ်းဆီးတာကို ဆယ်ကြိမ်အထက် ပြုလုပ်ခဲ့တာကြောင့် ပဋိပက္ခတင်းမာနေတာကနေ ဒီနေ့မှာတော့ KIO/KIA နဲ့ PSLF/TNLA အကြား ရှေ့ပြေးညှိနှိုင်းရေး စတင်နေပြီလို့ ဂွမ်မော်က လူမှုကွန်ရက်မှာ အတည်ပြုလာပါတယ်။




“KIO နှင့် PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေးပြေးညှိနှိုင်းရေးများ စတင်နေပါပြီ။ သက်ဆိုင်ရာ ဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန်နှင့် Online သုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေး ထောက်ပြလိုသူများထံမှလည်း အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများကို မျှော်လင့်ပါသည်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က လူမူကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားတဲ့ စာရွက်ကို တင်လာတာပါ။
ဂွမ်မော်က ခွေးနဲ့ အနှိုင်းခံရပြီးနောက်မှာ PSLA/TNLA ဟာ KIO/KIA လက်နက်ကိုင်တွေကို အထူးတလည် နှိပ်ကွပ်ခဲ့တာကြောင့် TNLA သိမ်းယူထားတဲ့ ရှမ်းမြောက်ဒေသအချို့မှာ KIA အောက်ခြေတပ်ဖွဲ့ဝင်တွေ နဲ့ TNLA အောက်ခြေတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခအချို့ ဖြစ်ပွားတိုင်းမှာ ရိုက်နှက်ထိုးကြိတ်ခံရတာက ကချင်တွေဖြစ်ပြီး ဒီလိုခံရတာကြောင့်လည်း TNLA ကို ငွေကုန်ကြေးကျခံ ထူထောင်ပေးပြီး လက်နက်ထောက်ပံ့ခဲ့တဲ့ KIA ဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံရမှုအပေါ် ယူကျုံးမရလည်း ဖြစ်နေကြရရှာပါတယ်။