
၉.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအစိုးရ၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနက သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်က အမေရိကန်နိုင်ငံအတွင်း နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာ Parole Visa အမျိုးအစားနဲ့ ပြောင်းရွှေ့ဝင်ရောက်လာခဲ့ကြပြီးတဲ့နောက် ပြောင်းရွှေ့နေထိုင်သူတွေကို ခိုလှုံခွင့်ရှာဖွေရန်ချိန်းဆိုမှုတွေပြုလုပ်ဖို့ CBP One အက်ပလီကေးရှင်းကို အသုံးပြုခွင့်ပေးထားတဲ့အဆင့်အတန်းကို ဧပြီလ ၈ ရက်က ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဖျက်သိမ်းမှုအရ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း နယ်စပ်ဒေသသို့ ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၉၀၀,၀၀၀ ခန့်ကို အမေရိကန်နိုင်ငံအတွင်းကနေ ပြန်လည်နှင်ထုတ်မှာဖြစ်ပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒန် အုပ်ချုပ်စဉ်က CBP One အက်ပလီကေးရှင်းကို အသုံးပြုတဲ့ရွှေ့ပြောင်းနေထိုင်သူတွေကို သူတို့မိခင်နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုအတွင်းမှာ နှစ်နှစ်နေထိုင်ခွင့်ပေးထားပါတယ်။
CBP One အက်ပလီကေးရှင်းက အမေရိကန်နိုင်ငံရဲ့ အနောက်တောင်နယ်စပ်တစ်လျှောက်ကနေ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကိုကန့်သတ်ဖို့ ဘိုင်ဒန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ အမေရိကန်နိုင်ငံအတွင်း အခြေခံအုတ်မြစ်တစ်ရပ်လည်းဖြစ်ခဲ့တာပါ။ အက်ပလီကေးရှင်းကို အသုံးပြုသူ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်နိုင်ငံအတွင်း လွတ်ငြိမ်းချမ်းသာခွင့်အဆင့်အတန်းအတွက် ရရှိကြပြီး တရားဝင်အလုပ်လုပ်ကိုင်နိုင်ဖို့ ခွင့်ပြုထားတာမျိုးလို အခွင့်အရေးတွေရကြပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ လွတ်ငြိမ်းချမ်းသာခွင့်အရ လုပ်နိုင်တဲ့အခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး တရားမဝင် တိုင်းတစ်ပါးသားတွေ သန်းနဲ့ချီလို့ အမေရိကန်နိုင်ငံထဲကို သွင်းခဲ့တယ်။ ဒါက အမေရိကန်နိုင်ငံသမိုင်းမှာအဆိုးဝါးဆုံး နယ်စပ်အကျပ်အတည်းကိုလည်းဖြစ်စေခဲ့တာပဲလို့ ပြောခဲ့ပါတယ်။
အမိမြေဝန်ကြီးဌာနရဲ့ အခုလို CBP One အက်ပလီကေးရှင်းအရ ရွှေ့ပြောင်းနေထိုင်သူတွေကို ပယ်ဖျက်မှုက အမေရိကန်အစိုးရရဲ့ Operation Allies Welcome အစီအစဉ်နဲ့ ယူကရိန်းနိုင်ငံသားတွေ အမေရိကန်ကို လာရောက်နေထိုင်နိုင်တဲ့ Uniting for Ukraine အစီအစဉ်တို့နဲ့တော့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။
Ref- ABC