
MT News
၉.၄. ၂၀၂၅
၂၀၂၅ ရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ အတည်ပြုလိုက်သလို ပါတီတည်ထောင်ခြင်းနှင့် ပေါင်းစည်းခြင်းများကိုလည်း မေလ ၉ ရက် နောက်ဆုံးထားလုပ်ဆောင်ရန်ပါ အသိပေးလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ်အတွင်း အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာနှင့် ဇန်နဝါရီကာလတွင် ပြုလုပ်မည်ဟု ကမ္ဘာသိအောင် ပြောကြားခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်ကပါ အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာတွင် ပြုလုပ်မည်ဟု ယနေ့တွင် ဖော်ပြထုတ်ပြန်လာခဲ့ခြင်းလည်း ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်မှုအရ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(က)နှင့်အညီ ပါတီတည်ထောင်ခွင့်များ လျှောက်ထားလာမှုအပေါ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေ နှင့်အညီ စိစစ်၍ မှတ်ပုံတင်ခွင့်ပြုလျက်ရှိသည်။ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို ဒီဇင်ဘာလအတွင်းတွင် ကျင်းပရန်ရှိပါသဖြင့် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ပါတီများပူးပေါင်းလျက် ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းလုပ်ငန်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း/ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန်အတွက် အချိန်လုံလောက်စွာရရှိစေရန်အလို့ငှာ နိုင်ငံရေး ပါတီတည်ထောင်ခွင့်လျှောက်ထားလိုသူများသည် ၂၀၂၅ ခုနှစ် မေလ ၉ ရက်နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားကြရန် အသိပေးကြေညာအပ်ကြောင်း ဖော်ပြခဲ့ပြီး ရွေးကောက်ပွဲ စတင်ကျင်းပမည့်ကာလကို လာမည့် ဒီဇင်ဘာအဖြစ် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။