
ရန်ကုန်-မန္တလေး ရထားလမ်းတွင်လည်း ငလျင်ဘေးမကျရောက်မီက ပြေးဆွဲခဲ့သော သတ်မှတ်အမြန်နှုန်းအတိုင်း အချိန်မှန်ပြေးဆွဲနိုင်ပြီ
၉. ၄. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် မဟာသင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်သလို ရန်ကုန်-နေပြည်တော်-ရန်ကုန်အတွက်လည်း ပုံမှန်အတိုင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။
အထူးရထားအစီအစဉ်ဖြင့် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်အတွက် ရန်ကုန်မှ နံနက် ၉ နာရီ ၁၅ မိနစ်နှင့် မော်လမြိုင်မှ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်သည်။ ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်အတွက် ရန်ကုန်မှ နေ့လယ် ၁ နာရီနှင့် ပြည်မှ ည ၁၀ နာရီခွဲ ထွက်ခွာမည်ဖြစ်သည်။ ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင်လည်း အဆိုပါအချိန်များအတိုင်း ဆက်လက်ပြေးဆွဲပေးမည်ဖြစ်သည်။
အထူးရထားများအပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်အဖြစ် အမှတ် (၁၁) အဆန်/(၁၂)အစုန် ရထားအား ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်အဖြစ် အမှတ်(၇)အဆန်/(၈)အစုန် DEMU ရထားအား ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ဧပြီ ၁၀ ရက်နှင့် ၁၂ တို့တွင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ််အတွက် ရန်ကုန်မှ နံနက် ၆ နာရီနှင့် နေပြည်တော်မှ နေ့လယ် ၁၂ နာရီထွက်ခွာမည်ဖြစ်သည်။ အလားတူ ဧပြီ ၂၁ ရက်တွင်လည်း အဆိုပါ အချိန်များအတိုင်း ဆက်လက်ပြေးဆွဲပေးမည်ဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် ပြင်းထန်သောငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရထားလမ်းပိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ရာ ဧပြီ ၅ ရက်တွင် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ ရထားများ ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်သလို ယခုအခါ ငလျင်ဘေးဒဏ် မကျရောက်မီက ပြေးဆွဲခဲ့သော သတ်မှတ်အမြန်နှုန်းများအတိုင်း ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ရထားခရီးစဉ်များကို အချိန်မှန်မြန်ဆန်စွာပြန်လည် ပြေးဆွဲနိုင်ပြီဖြစ်သည်။
ရထားစီးခရီးသွားပြည်သူများအတွက် ရထားလက်မှတ်များ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍ လည်းကောင်း သက်ဆိုင်ရာဘူတာများနှင့် လက်မှတ်အရောင်းဌာနများတွင် ရောင်းချပေးသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲနေသည့် ရထားများအတိုင်းဖြစ်ကြောင်း သိရသည်။