
MT News
၉. ၄. ၂၀၂၅
မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ မန္တလေးငလျင်ကြီးရဲ့ ဘေးရန်ကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လေယာဥ် C-130 ဟာ ဒီနေ့မနက်မှာ မြန်မာနိုင်ငံဆီ ဆိုက်ရောက်လာခဲ့ပြီဖြစ်ပါတယ်။



ဂျပန်နိုင်ငံဟာ မြန်မာ့ငလျင်ဘေးအတွက် ဒေါ်လာ ၆ သန်းကျော်တန်ဖိုးရှိတဲ့ ကူညီကယ်ဆယ်ထောက်ပံ့ပစ္စည်းတွေ ပေးအပ်မှာဖြစ်သလို ဒီမနက်မှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့လေယာဥ်နဲ့ ရောက်ရှိလာတဲ့ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR)ထံ ဆက်လက်ပို့ဆောင်သွားမှာဖြစ်ပါတယ်။
ထိခိုက်ပျက်စီးမှုတွေ ကယ်ဆယ်ကုသပေးဖို့ မြန်မာနိုင်ငံဆီ ရောက်ရှိနေတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR) က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ဆေးဝါးတွေနဲ့ ရောဂါရှာဖွေရေးစမ်းသပ်ကိရိယာတွေအပါအဝင် ဆေးကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ Komaki လေတပ်စခန်းကနေ မြန်မာနိုင်ငံဆီ ထွက်ခွာလာခဲ့တာပါ။
ဂျပန်နိုင်ငံဟာ မတ်လ ၃၁ ရက်နေ့မှာ အဖွဲ့ဝင် ၅ ဦးပါလေ့လာရေးအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သလို ဧပြီလ ၂ ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR) က ဆရာဝန်၊ သူနာပြုတွေပါဝင်တဲ့ အဖွဲ့ဝင်သစ် ၂၇ ဦး၊ စုစုပေါင်း ၃၂ ဦးကို စေလွှတ်ခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၃၀ ရက်နေ့မှာ Disaster Emergency Logistics System for ASEAN (DELSA) ကတစ်ဆင့် အရေးပေါ်သုံး မိုးကာစ ၂၄၀ နဲ့ ရွက်ဖျင်တဲ ၄၅၀ ကို ပို့ဆောင်ပေးခဲ့သလို ငလျင်ဒဏ်သင့်ပြည်သူတွေ အခြေခံလိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်း သန့်ရှင်းရေးပစ္စည်းတွေ၊ ရေနဲ့ ရေသန့်စက်တွေကို JICA က တစ်ဆင့် ထောက်ပံ့ပေးအပ်ဖို့နဲ့ အရေးပေါ် ထောက်ပံ့ငွေပေးအပ်မှုအဖြစ် ဧပြီလ ၂ ရက်နေ့မှာ အမေရိကန်ဒေါ်လာ (၆) သန်းခန့်ရှိတဲ့ အရေးပေါ်ထောက်ပံ့ငွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက တစ်ဆင့် ထောက်ပံ့ပေးအပ်သွားဖို့ပြင်ဆင်ထားတယ်လို့ ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။