
၉.၄.၂၀၂၅
Translated by Htwe Ko Tun
ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဆန်တို ဒိုမင်ဂို မြို့တော်မှာရှိတဲ့ လူသိများတဲ့ ညကပွဲရုံတစ်ခုမှာ ကပွဲရုံအမိုးက ဧပြီလ ၈ ရက်နံနက်အစောပိုင်းမှာ ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၇၉ ဦးသေဆုံးပြီး လူ ၂၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကပွဲရုံအမိုးပြိုကျမှုမှာ အစောပိုင်းက သေဆုံးသူ ၆၆ ဦးသာရှိပေမယ့် ဧပြီလ ၈ ရက် ညနေပိုင်းရောက်လာရာမှာတော့ သေဆုံးသူ ၇၉ ဦးအထိ တိုးလာတယ်ဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ခဲ့ပါတယ်။ ဒါ့ပြင် ဒဏ်ရာရသူ အနည်းဆုံး ၂၂၃ ဦးရှိခဲ့ပြီလို့လည်း ကြေညာချက်က ဆိုပါတယ်။



သေဆုံးသူတွေထဲမှာ ဘေ့စ်ဘောကစားသမားဟောင်းတွေ ပါဝင်တယ်လို့လည်း သိရပြီး အပျက်အစီးတွေ အောက်မှာ အသက်ရှင်ကျန်ရစ်နေနိုင်သူတွေကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အလျင်အမြန်ရှာဖွေနေကြပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဂျွန်မန်နျူရယ်လ် မန်ဒက်ဇ်က အပျက်အစီးပုံတွေကိုရှင်းလင်းရင်း ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေဆဲပါလို့ ဧပြီလ ၈ ရက် ညပိုင်းမှာပြောခဲ့ပါတယ်။
Jet Set ညကပွဲရုံရဲ့အဆောက်အအုံအမိုးက နံနက် ၁ နာရီလောက်မှာပြိုကျခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ အဆောက်အအုံအတွင်း အနည်းဆုံး လူ ၃၀၀ လောက်ရှိမယ်လို့ ဆိုကြပါတယ်။ ဒိုမီနီကန်ရဲ့ အမျိုးသားအကလည်းဖြစ်တဲ့ မီရန့်ဂျ် အက အနုပညာရှင် ရပ်ဘီ ပီးရီးဇ်နဲ့ သူ့ရဲ့တီးဝိုင်းက ဖျော်ဖြေနေစဉ်အတွင်းမှာ ညကပွဲရုံအမိုးက ပြိုကျခဲ့ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ပီးရီးဇ်ရဲ့အခြေအနေကိုလည်း ဘယ်လိုဖြစ်နေလဲ မသိရဘဲ သေဆုံးသူတွေထဲပါသွားလားဆိုတာ စိုးရိမ်နေကြပါတယ်။
ဧပြီလ ၈ ရက်နံနက်မှာတော့ မိသားစုဝင်တွေကို ပြိုကျရာနေရာမှာ စုရုံးရောက်ရှိလာတာ တွေ့ကြရပြီး ဒဏ်ရာရသူအများအပြားကိုလည်း သူနာတင်ယာဉ်တွေနဲ့ ဆေးရုံတွေကို ပို့ဆောင်နေဆဲဖြစ်တာ တွေ့ကြရပါတယ်။
ဒီမှာ ညကပွဲရုံအမိုး ဘာကြောင့်ပြိုကျသလဲဆိုတာ အကြောင်းရင်းကိုတော့ သေသေချာချာ မပြောနိုင်ကြသေးပါဘူး။
ဒိုမီနီကန်နိုင်ငံရဲ့ ညကပွဲရုံအများအပြားအနက် Jet Set ညကပွဲရုံက အထင်ရှားဆုံးတစ်ခုလည်းဖြစ်ပြီး တနင်္လာနေ့ညတွေမှာ သူက အထူးအစီအစဉ်ကျင်းပတာကြောင့် တက်ရောက်သူလည်း ပိုပြီးများတယ် ဆိုပါတယ်။
သမ္မတ အဘီယန်ဒါက သေဆုံးဒဏ်ရာရသူတွေအတွက် အထူးစာနာထောက်ထားပါကြောင်း ပြောခဲ့ပြီး ဒီဖြစ်ရပ်အတွက် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲမှုကာလ သုံးရက် ကြေညာခဲ့ပါတယ်။
Ref- CNN