
၉. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ပြည်တွင်းစက်သုံးဆီဈေးကွက်၌ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁၅၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီ ကျပ် ၃၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သလို ဖေဖော်ဝါရီလတွင်လည်း အဆိုပါအမြင့်ဈေးနှုန်းထက် အနည်းငယ်ထပ်မံမြင့်တက်လာခဲ့သည်။
ထို့ကြောင့် ဗဟိုဘဏ်မှ စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာသော ဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း ထုတ်ရောင်းပေးခဲ့ပြီး ဖေဖော်ဝါရီလတွင်လည်း ဒေါ်လာ ၆၇ သန်းနှင့် ထိုင်းဘတ်သန်း ၁၅၀ ရောင်းချပေးခဲ့သလို မတ်လတွင်လည်း ဒေါ်လာ ၁၆၄ သန်းနှင့် ထိုင်းဘတ်သန်း ၃၀၀ အထိ ထုတ်ရောင်းပေးထားသည်။
လက်ရှိတွင်လည်း ငလျင်ဘေးဒဏ်ခံစားနေရချိန် စက်သုံးဆီများ အချိန်မီရရှိရေးနှင့် ဈေးနှုန်းမြင့်တက်မှု မရှိစေရေးတို့အတွက် ဗဟိုဘဏ်မှာ ဒေါ်လာများ ထပ်မံထုတ်ရောင်းပေးနေသလို ဆီတင်သင်္ဘောများလည်း ဆိပ်ကမ်းများသို့ ဆက်တိုက်ဆိုက်ကပ်နေကြောင်း သိရသည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၀၀၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၃၀၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၅၈၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၁၉၀ ကျပ်ဖြစ်ပေါ်နေကာ မတ်လ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက စက်သုံးဆီအမျိုးအစားအချို့ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သလို ဈေးနှုန်းလည်းတည်ငြိမ်လျက်ရှိသည်။