
၉ . ၄. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူတွေ ငလျင်ဘေးကြုံနေချိန်မို့ NUG က အပစ်ရပ်ဖို့ကြေညာထားပေမဲ့ အုတ်ဖို PDF က သတ်ဖြတ်မှုမရပ်ဘဲ ရာအိမ်မှူးတစ်ဦးကို ဦးခေါင်းပစ်သတ်လိုက်ပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေသား လုယက်မှုကို ဧပြီ ၈ ရက်နေ့က ကျူးလွန်လိုက်ကြသည်ကို ယနေ့ ဝန်ခံလာသည်။


ကျူးလွန်မှုဖြစ်စဥ်မှာ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ ပေါင်းတည်စုရွာနေ ရာအိမ်မှူး ဦးဖိုးဖြူ ဆိုသူအား ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီ ၂၄ မိနစ်တွင် ခမရ(၆)မှ ပြန်လာစဥ် ပေါင်းတည်စုရွာအနီး လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များက သေနတ်ကျည် ၁ ချက် ဦးခေါင်းတည့်တည့် ပစ်ခတ်သတ်ဖြတ်လိုက်ကြပြီး လက်ပစ်ဗုံး ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၂ လုံးနှင့် ငွေသား ၆၇၀၀၀ ကျပ်ကို လုယက်သိမ်းယူလိုက်ကြသည်။
ဦးဖိုးဖြူသည် ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်ဖြစ်ကြောင်း၊ PDF များ၏ အချက်အလက်များအား စုံစမ်းထောက်လှမ်း၍ သတင်းပို့ခြင်း၊ လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးနေသူများကို ဧည့်ခံကျွေးမွေးခြင်း၊ မီးရှို့ရန် ခြိမ်းခြောက်ခိုင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို သတ်ဖြတ်သည်ဟု ကျူးလွန်သည့် အုတ်ဖို PDF က ဖြောင့်ချက်ပေးသော်လည်း ထိုစွပ်စွဲမှု မှန် မမှန် MT News က အတည်မပြုနိုင်ဘဲ NUG ၏ ထုတ်ပြန်ချက် မလိုက်နာသော အုတ်ဖို PDF ၏ ကျူးလွန်မှုကိုသာ ယင်းတို့၏ ဝန်ခံချက်အရ ဖော်ပြခြင်းဖြစ်သည်။


ပဲခူးတိုင်းသည် မတ်လ ၂၈ ရက်က လှုပ်ခတ်သော မန္တလေးငလျင်ကြီးဒဏ်ကို ဆိုးရွားစွာခံခဲ့ရသော တိုင်းတစ်ခုဖြစ်ပြီး အတည်ပြုစာရင်းမရှိသေးသော်လည်း မတ်လ ၇ ရက်အထိ စာရင်းများအရ ဘုရားစေတီ ၇၁ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၁၈၆ ကျောင်း၊ စာသင်ကျောင်း ၉၂ ကျောင်း၊ အခြားဘာသာရေးကျောင်း ၁၅ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၀၀၊ အခြားအဆောက်အဦ ၂၈၉ခု၊ လူနေအဆောက်အဦ ၁၇၃၆ လုံးနှင့် လမ်းတံတား အချို့ ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃၄ ဦး ရှိကြောင်း သိရသည်။