
၉. ၄. ၂၀၂၅
Written by Thettant
အင်းလေးငလျင်ဘေးသွားလှူပြီးနောက် ဧပြီလ ၆ ရက်တွင် JJ Express ၏ VIP ယာဥ်ဖြင့် ရန်ကုန်သို့ပြန်လာသည့် မိတ်ကပ်ဆိုရာ၏ ဝန်ထမ်းအမျိုးသမီး ခြောက်ဦးအနက်မှ တစ်ဦး၏ အမျိုးသမီး Privacy နေရာကို ကိုင်တွယ်ခဲ့သည့် စပါယ်ယာအား အလုပ်ထုတ်ကာ ရဲလက်အပ်လိုက်ပြီဟု JJ ယာဥ်လိုင်းက ဧပြီ ၈ ရက် ညသန်းခေါင်အချိန်ဝန်းကျင်တွင် ထုတ်ပြန် ပြောလာသည်။

အဆိုပါဖြစ်စဥ်ကို ဧပြီ ၇ ရက်နေ့တွင် Makep SORA Page မှ “JJ Express ပိုင်ရှင် ထိရောက်စွာ ပြန်လည်ဖြေရှင်းပေးပါ” ခေါင်းစဥ်ဖြင့် ပို့စ်တင်ခဲ့ပြီး “SORA Team က ညီမလေးတွေအားလုံး ခြောက်ယောက် အင်းလေးငလျင်ဘေး အလှု လုပ်ပြီးအပြန် JJ Express နဲ့ ရန်ကုန်ကိုလာပါတယ်။ လာနေရင်းနဲ့ မနက် ၄ နာရီ လူတွေအကုန်လမ်းမှာ ကားရပ်ပြီးအိပ်နေတဲ့အချိန်မှာ မိုက်ရိုင်းစွာနဲ့ စပါယ်ယာဆိုတဲ့အကောင်တစ်ကောင်က SORA team က ညီမလေး တစ်ယောက်အိပ်နေချိန် သူ့လက်နဲ့ မိန်းကလေး Privacy နေရာကို အောက်တန်းကျစွာဖြင့်လာကိုင်ပါတယ်။ SORA Team က ညီမလေးလည်း အသံကျယ်ကျယ် သူ့ကိုအော်ပြီး ဘာလုပ်တာလဲ ငါမအိပ်သေးဘူးနော်လို့ပြောတော့ မသိသလိုနဲ့ ကျွန်တော် စပါယ်ရာလေဆိုပြီးသူမဟုတ်သလိုနဲ့ လုပ်သွားတာတော်တော်ရွံဖို့ကောင်းပါတယ်” ဟုဆိုကာ JJ Express မှ ကျူးလွန်သူကို အရေးယူပေးရန် တောင်းဆိုခဲ့သည်။

ထိုဖြစ်စဥ်အပေါ် JJ Express ကလည်း ယမန်နေ့ည သန်းခေါင်အချိန်တွင် “JJ Express ၏ တောင်ကြီး ရန်ကုန် (၆/၄/၂၅) ခရီးစဉ်တွင် ခရီးသည်တစ်ဦးအား ယာဥ်အကူမှ ကိုယ်ထိလက်ရောက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် အကြောင်း ဖေ့စ်ဘုတ် လူမူ့ကွန်ရက် ပေါ်တွင် ခရီးသည်ဘက်မှ ရေးသားထားသည်ကို ဖတ်ရှူသိရှိရပါသည်။ ( အဆိုပါ ခရီးသည်မှ ယာဉ်လိုင်းသို့ ဦးစွာ ဆက်သွယ် တိုင်းတန်းခြင်းမရှိခဲ့ပါ)။ JJ Express တာဝန်ရှိသူများမှ သိလျင်သိခြင်း ထိုဝန်ထမ်းအား ခေါ်ယူစစ်ဆေးမေးမြန်းပြီး မလျော်ကန်သောအပြုအမူ အတွက် ခရီးသည်အား ဆက်သွယ် တောင်းပန်ခိုင်းခဲ့ပါသည်။ ယခုအခါ ထိုဝန်ထမ်းကို တာဝန်မှ ရပ်ဆိုင်းပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့သော ဝန်ထမ်းတစ်ဦးကြောင့် ခရီးသွား မိဘ ပြည်သူများ အထိတ်တလန့်ဖြစ်ရစေခြင်း၊ စိုးရိမ်သောက ဖြစ်ရစေခြင်းတို့အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။ နောက်နောင်တွင် ယခုကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စရပ်များ မဖြစ်စေရေးအတွက် ယခုထက် ပိုမို ဂရုစိုက် တာဝန်ယူ လုပ်ဆောင်မည့်အကြောင်း အသိပေးအပ်ပါသည်” ဟု ဖော်ပြတောင်းပန်ခဲ့သည်။

ထိုဖြစ်စဥ်တွင် ကျူးလွန်သူမှာ ဝေဇင်ထွန်း (အဘ -ဦးမျိုးမြင့်) ဆိုသူ ယာဥ်နောက်လိုက်၊ အမြဲတမ်းဝန်ထမ်းဖြစ်ကြောင်း၊ ယခုတွင် အလုပ်ထုတ်ကာ ရဲလက်အပ်လိုက်ပြီဖြစ်ကြောင်းကို ကျူးလွန်သူ၏ ရုပ်ပုံဖြင့်ပါ ဖော်ပြထားသည်။
