MT News
Written by Naing Thuta
ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လည်မှ စတင်ပြီး နိုင်ငံကျော် ဓမ္မကထိကမြစကြာကျောင်းတိုက်များ၏ မဟာနယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသထေရ် ဘဝနတ်ထံ ပျံလွန်တော်မူသည့် ဈာပနအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးရှိ မြစကြာကျောင်းတိုက်တွင် ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁၁ နာရီခန့် ကတည်းက စတင်ပြီး ဆရာတော်၏ ရုပ်ကလာပ်တော်အား ဧည့်ပရိသတ်များမှ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
အဆိုပါအခမ်းအနားကို နေ့လည် ၁၂ နာရီမှစတင်ခဲ့ကာ ကြွရောက်လာသောဧည့်ပရိသတ်များမှ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သီတဂူဆရာတော်ကြီးက သံဝေဂဓမ္မတရား ဟောကြားခဲ့ကာ ရေစက်သွန်းချအမျှဝေခဲ့သည်။
ထို့နောက် နေ့လည် ၂ နာရီတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကျောင်းတိုက်မှ ကရဝိတ်ယာဉ်ဖြင့် ပင့်ဆောင်ကာ စစ်ကိုင်းမြို့အတွင်း လှည့်လည်ပူဇော်ခံပြီးနောက် ကမ်းနားလမ်းရှိ ဈာပန သာဓုကီဌာနပူဇာ နေရာသို့ ညနေ ၅ နာရီကျော်တွင်ရောက်ရှိကာ မီးပူဇော်ခဲ့ကြောင်း သိရသည်။
ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့ “ငြိမ်း”အထူးကုဆေးရုံကြီး၌ ဦးနှောက်ကျုံ့သည့်ရောဂါဖြင့် ဆေးကုသမှုခံယူနေရင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က သိက္ခာတော် ၃၈ ဝါ၊ သက်တော် ၅၈ နှစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။
ဘဒ္ဒန္တဣန္ဒကာဘိဝံသ ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး ၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ်၌ ခမည်းတော် ဦးကျော့ရွှေ၊ မယ်တော် ဒေါ်မြစိန်တို့က ၁၃၂၇ ခုနှစ်၊ သီတင်း ကျွတ်လဆန်း ၈ ရက်၊ (၃-၁၀-၁၉၆၅) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့ပြီးနောက် ၁၃၃၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်နေ့မှာ ငါန်းမြာကြီးရွာ စကြာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကမဟာထေရ်ကို ဥပဇ္ဈာယ် ပြုလျက် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။