
၉. ၄. ၂၀၂၅
Written by Nay Moe
ပြင်းထန်ဆိုးရွားတဲ့ မန္တလေးငလျင်ဘေးကြောင့် တပ်မတော်က ကယ်ဆယ်ရေးလုပ်နေရချိန်မှာ အာရုံမစိုက်နိုင်မှုကို အခွင့်ကောင်းယူတဲ့အပြင် အပစ်ရပ်မယ်လို့ပါ လီဆယ် ကြေညာထားတဲ့ NUG နဲ့ KIA က ကိုယ့်ထုတ်ပြန်ချက်ကိုယ် သစ္စာမဲ့ချိုးဖောက်ပြီး တိုက်စစ်ဆင်ခဲ့လို့ အင်းတော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဧပြီ ၈ ရက် ညပိုင်းမှာ NUG က ဝမ်းသာအားရ ထုတ်ပြန် ကြေညာလာပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ အစီအစဥ်နဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့တာတောင် အနိုင်မရပေမဲ့ မန္တလေးငလျင်ကြီးနဲ့ အပစ်ရပ်မယ်လို့ လိမ်ညာထုတ်ပြန်ထားမှု အခွင့်အရေးအပြည့်ယူပြီး အင်းတော်မြို့ကို ဧပြီလ (၇) ရက်နေ့ ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရယူခဲ့တာပါ။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးဟာ ရက်ရှည်တိုက်ပွဲတခုဖြစ်သလို တပ်မတော်က ခုခံစစ်ဆင်နွှဲနေတာကြောင့် NUG နဲ့ KIA တပ်ပေါင်းစု ရှေ့မဆက်နိုင်ချိန်မှာ ငလျင်က ဖေးကူတာနဲ့ အပစ်ရပ်မယ်လို့ လိမ်ညာအငိုက်ဖမ်းနိုင်တာကြောင့် နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူကနေ တပ်မမှူးဦးဆောင်တဲ့အဖွဲ့က ဧပြီလ ၇ ရက် ည ၉ နာရီခန့်မှာ စခန်းစွန့်လွှတ်ဆုတ်ခွာသွားလို့လည်း အနိုင်ရသွားတယ် ကြေညာတာပါ။

အင်းတော်မြို့ဟာ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲတဲ့မြို့ဖြစ်တယ်လို့ NUG က ပြောပြီး ဒီ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲကနေ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိတယ်လို့လည်း NUG က ပြောပါတယ်။
