လက်ရှိအချိန်ထိ အသက်ရှင်လျက် ၆၅၃ ဦးနှင့် သေဆုံးသူ ၇၀၀ ဦး ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ ကယ်ဆယ်အဖွဲ့များမှ အသက်ရှင်လျက် ၄ ဦး၊ သေဆုံးသူ ၆၄ ဦး ကယ်ဆယ်နိုင်ခဲ့

၉. ၄. ၂၀၂၅
Written by Nyein Kyaw
မြေငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတဝှမ်း လူနေအိမ်ပေါင်း ၄၈,၈၃၄ အိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃,၀၉၄ ကျောင်း၊ စာသင်ကျောင်း ၂,၀၄၅ ကျောင်း၊ ဌာနဆိုင်ရာ ရုံး/အဆောက်အဦ ၂,၁၇၁ လုံး၊ တံတား ၁၄၈ စင်း၊ ဘုရားစေတီ ၅,၂၇၅ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီး (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တရုတ်နိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
ယမန်နေ့ ညနေ ၆ နာရီအထိ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၃,၆၄၅ ဦး၊ ဒဏ်ရာရရှိသူ ၅,၀၁၇ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၈ ဦးရှိကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားပြီး ယခုကဲ့သို့ သေဆုံးဒဏ်ရာရသူများကို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ အရေးပေါ်ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဧပြီ ၈ ရက်နေ့အထိ အသက်ရှင်လျက် လူဦးရေ ၆၅၃ ဦး ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၇၀၀ ကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့များတွင် စုစုပေါင်း အသက်ရှင်လျက် ၄ ဦး၊ သေဆုံးသူ ၆၄ ဦးတို့ကို လူသားချင်း စာနာထောက်ထားမှု စိတ်ထားဖြင့် နေ့/ ညမပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းရှာဖွေ ထုတ်ယူကာ သက်ဆိုင်ရာ မိသားစုဝင်များထံ အပ်နှံပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စား၊ ဘေးဒုက္ခရောက်ရှိခဲ့ကြသည့် မိသားစုများ ကိုယ်စား၊ အမျိုးသားအဆင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကိုယ်စား မိမိအနေဖြင့် အမှတ်တရနှင့် အထူးပင်ကျေးဇူးတင်ရှိကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မစ္စတာ မူရှုယွမ် ဦးဆောင်သည့် ယူနန်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၊ မစ္စတာ ဖုန်းဇယ်လိ ဦးဆောင်သည့် ယူနန်ကျန်းမာရေးကော်မရှင်နှင့် Medical Emergency Department တို့မှ အဖွဲ့ဝင် ၁၅ ဦးက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် မန္တလေးမြို့သို့ ထပ်မံရောက်ရှိလာသည့် China International Search and Rescue Team (CISAR) (Beijing)မှ တပ်ဖွဲ့ ဝင်အင်အား ၁၁၈ ဦး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ခွေး ၇ ကောင်၊ Chinese Blue Sky Search and Rescue တပ်ဖွဲ့ဝင် အင်အား ၈၉ ဦးနှင့် Hong Kong China Search Rescue Team တပ်ဖွဲ့ဝင်အင်အား ၅၁ ဦးတို့ကလည်း ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီ ၇ ရက်အထိ ရှာဖွေကယ်ဆယ်လုပ်ငန်းများကို အင်တိုက်အားတိုက် အပင်ပန်းခံပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။