
၉. ၄. ၂၀၂၅
Written by MMAK
အာဆင်နယ် Vs ရီးရဲမက်ထရစ်
ရိုက်စ် ၅၇’၊ ၇၀
မာရီနို ၇၅’
ပိုပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာတဲ့ ချန်ပီယံလိဂ်ပွဲတွေဟာ ကွာတားဖိုင်နယ်အဆင့်ရောက်လာခဲ့ပြီဖြစ်သလို ဒီမနက်ရဲ့ ပထမပိုင်းပြီးဆုံးချိန်အထိ အာဆင်နယ်လို ခွက်ပျောက်အသင်းက ရီးရဲမက်ထရစ်လို ချန်ပီယံလိဂ်ဘုရင်ကို ဒုတိယပိုင်းသွင်းဂိုးသုံးဂိုးနဲ့နိုင်မယ်လို့ဆိုရင် ဘယ်သူမှ ယုံမှာမဟုတ်ပေမဲ့ အာဆင်နယ်ကတော့ မယုံချင်စရာကို လုပ်ပြသွားခဲ့ပါတယ်။
ချန်ပီယံလိဂ်တစ်ကြိမ်မှမရဖူးတဲ့ အာဆင်နယ်အသင်းက ရီးရဲမက်ထရစ်ကို ပထမပိုင်းတစ်ခုလုံး စိုးရိမ်တကြီးနဲ့ကန်နေခဲ့တာကြောင့် အဓိက ကစားသမားတွေမပါဝင်နိုင်တဲ့ ရီးရဲနဲ့ ပွဲအစဟာ ပျင်းစရာကောင်းနေခဲ့တာပါ။ ချန်ပီယံလိဂ် ၁၅ ကြိမ်ရဖူးတဲ့ ရီးရဲဟာ အချိန်တန်ရင် နိုင်သွားတာပဲဆိုတဲ့ ကံကောင်းမှုပုံစံက ဒီနေ့မှာတော့ အလုပ်ဖြစ်မသွားဘဲ ဒီကလန်ရိုက်စ်ကျောက်ထမှုနဲ့ ဖရီးကစ်နှစ်လုံးက ရီးရဲကို ချန်ပီယံလိဂ်မာစတာ ရီးရဲကို နိုင်ပွဲရစေခဲ့တာပါ။
အရင်တုန်းက ဖရီးကစ်ကန်ရင် မဝင်တဲ့ ရိုက်စ်ရဲ့ပထမဆုံး ဖရီးကစ်ဂိုးဟာ အရင်တုန်းက ရီးရဲရဲ့ ရောဘတ်တိုကားလို့စ်ကို သတိရစရာ ဆင်တူဂိုးဖြစ်ပြီး ပထမဆုံး ၅၇ မိနစ်ဂိုးက ရီးရဲရဲ့ လူတံတိုင်းကို ဝေ့ဝိုက်ဝင်သွားခဲ့သလို ဒုတိယဂိုးကလည်း ဆယ်ပြားစေ့ထောင့်ထဲမှာ ကော့တွိုက်ကာကွယ်နိုင်ဖို့ မစွမ်းသာခဲ့ပါဘူး။
Open Play ကနေ ဂိုးမသွင်းနိုင်တဲ့ အာဆယ်နယ်ဟာ Set Pice ကနေ နှစ်ဂိုးရသွားခဲ့ပြီးနောက်မှာ အရာရာက လွယ်သွားခဲ့ပြီး တတိယဂိုးကိုတော့ ထရော့ဆတ်နဲ့ လူးဝစ်စကယ်လီတို့တွဲလုံးကတစ်ဆင့် လူးဝစ်စကယ်လီခင်းပေးတာကို မာရီနိုက ဘယ်ခြေနဲ့ ပိတ်သွင်းယူသွားတာပါ။
အာဆင်နယ်အဖို့ ကံကောင်းတာက ပွဲကစားချိန် ၉၄ မိနစ်မှာ ကာဗာမင်ဂါ နှစ်ဝါတစ်နီထိသွားတာဖြစ်ပြီး ဒါက လူမစုံဖြစ်နေတဲ့ ရီးရဲအိမ်ကွင်းမှာ သက်သာရာတွေ့ခဲ့တာပါ။ ရီးရဲအဖိုတော့ ဒီရာသီချန်ပီယံလိဂ်မှာ ငါးပွဲမြောက်ရှုံးပွဲကို ကြုံခဲ့တာဖြစ်သလို ဒေါ့မွန်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ ၂၀၁၂ – ၁၃ ရာသီတုန်းကလိုပဲ ဆီမီးဖိုင်နယ်ပွဲလို့ ပြန်လာဖို့ မလွယ်တော့ပါဘူး။

ဘိုင်ယန်မြူးနစ် Vs အင်တာမီလန်
မူလာ ၈၅’
မာတီနက်စ် ၃၈’၊ ၈၈’

အာဆင်နယ်နဲ့ ရီးရဲပွဲကို တစ်လောကလုံးစိတ်ဝင်စားနေချိန်မှာ ဘိုင်ယန်မြူးနစ်က သူ့ထက်အားနည်းတဲ့ အင်တာမီလန်ကို အိမ်ကွင်းမှာ ခိုးရှုံးသွားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ ငါးကြိမ်အနိုင်ရထားတဲ့ ဘိုင်ယန်ဟာ အိမ်ကွင်းမှာ အရာရာသာခဲ့ပေမဲ့ မသာခဲ့တဲ့ ဂိုးမသွင်းနိုင်မှုနဲ့ ရှုံးခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၃၈ မိနစ်မှာ မာတီနက်စ်က သူရမ်ပြန်ချပေးတာကို အပြင်းကန်သွင်းယူခဲ့တာပါ။
အိမ်ကွင်းမှာ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှာ ဘိုင်ယန်က အသည်းအသန် ချေပဂိုးရဖို့ကြိုးစားနေပေမဲ့ ၈၄ မိနစ်အထိ ချေပဂိုးပြန်မရှာနိုင်ဘဲ ပွဲချိန် ၈၅ မိနစ်ရောက်မှ ဝါရင့်တိုက်စစ်မှူးကြီး မူလာက ကင်မစ်ချ်ဖြတ်တင်တာကို လိုင်မာဖန်တီးမှုကတစ်ဆင့် ဂိုးသွင်းယူသွားခဲ့တာပါ။
ဒါပေမဲ့ ဘိုင်ယန်တို့အပျော်က နှစ်မိနစ်ပဲခံပြီး ပွဲကစားချိန် ၈၈ မိနစ်မှာပဲ အင်တာကွင်းလယ်လူ ဖရက်တက်စ်စီက အော်ဂတ်စတိုဖန်တီးမှုကတစ်ဆင့် ဒုတိယအကျော့အဖို့ အရေးကြီးတဲ့ ဦးဆောင်အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။
အင်တာရဲ့ ဒီနေ့အနိုင်ဟာ ချန်ပီယံလိဂ် အိမ်ကွင်းမှာ လေးနှစ်ဆက် ၂၂ ပွဲ အရှုံးမရှိစံချိန်ကို ကျိုးပျက်စေခဲ့သလို မာတီနက်စ်ကလည်း ၂၀၁၀ – ၁၁ ရာသီက အီတိုးနောက်ပိုင်း ပထမဆုံး ၇ ဂိုးသွင်းတဲ့ အင်တာတိုက်စစ်မှူးဖြစ်လာခဲ့ပါတယ်။
အင်တာအဖို့ ဒီနေ့အနိုင်ရလဒ်က ကျဥ်းမြောင်းတယ်ဆိုပေမဲ့ အဖိုးတန်တဲ့အဝေးကွင်းနိုင်ပွဲကို သေသေသပ်သပ်ယူနိုင်ခဲ့လို့ ဒုတိယအကျော့အိမ်ကွင်းမှာသာ ကိုယ့်လက်ကိုယ့်ခြေထပ်လုပ်နိုင်ရင် ဖလားတွေနဲ့ ကံမစပ်တဲ့ဟယ်ရီကိန်းအဖို့ ဒီနှစ်လည်း ချန်ပီယံလိဂ်မှာ ထပ်ငိုရဖို့ နီးစပ်ပါပြီ။