
၈.၄.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ပိုင်း အာချေးပြည်နယ် (Aceh)အတွင်းမှာ ဧပြီလ ၈ ရက် နံနက်အစောပိုင်းက ပြင်းအား ၅ ဒသမ ၉ မဂ္ဂနီကျူ့ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒ ဆိုင်ရာအေဂျင်စီမှ ထုတ်ပြန်ချက်အရ သိခဲ့ရပါတယ်။
ငလျင်လှုပ်ရှားမှုက ဧပြီလ ၈ ရက် နံနက် ၂ နာရီ ၄၈ မိနစ် (ဂရင်းနစ်စံတော်ချိန် ဧပြီလ ၇ ရက် ည ၁၉း၄၈ နာရီ) အချိန်မှာ ဆီနာဘန်မြို့ရဲ့ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာ၊ ပင်လယ်ကြမ်းပြင် အောက် ၃၀ ကီလိုမီတာအနက်နေရာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့လည်း အေဂျင်စီက ပြောခဲ့ပါတယ်။
ငလျင်ကြောင့် ကြီးမားလှတဲ့ရေလှိုင်းများဖြစ်ပေါ်ခြင်းမရှိသလို ဆူနာမီသတိပေးချက်လည်းမရှိပါဘူး။
ငလျင်လှုပ်ခတ်မှု အဓိကဖြစ်ပေါ်ခဲ့တဲ့ Simeulue ဒေသအတွင်းမှာတောင် ကြီးမားတဲ့ထိခိုက်ပျက်စီးမှု၊ သေကြေ ဒဏ်ရာရမှုတွေမရှိဘူးလို့ တာန်ရှိသူတစ်ဦးက Xinhua သတင်းဌာနကို ပြောကြားပါတယ်။
ကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းအပေါ်မှာတည်ရှိလို့ ငလျင်တွေ ခဏခဏ လှုပ်လေ့ရှိပါတယ်။ နိုင်ငံအတွင်း မီးတောင်အရှင် ၁၂၇ ခုလည်းရှိပါတယ်။
Ref- Xinhua