
၈. ၄. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များနှင့် ဝန်ထမ်းအိမ်ရာများအား စနစ်တကျစစ်ဆေးပြီး ပြုပြင်၍ရသည်များကို ပြန်လည်ပြုပြင်ခြင်းနှင့် အန္တရာယ်ရှိ အဆောက်အဦများကို ဖြိုချဖျက်ဆီးပြီး အသစ်ပြန်လည်တည်ဆောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် အဆိုပါဆေးရုံးသို့ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။
ထိခိုက်ပျက်စီးခဲ့မှုများအား ဆောက်လုပ်ရေးပညာရှင်များဖြင့် စနစ်တကျ စစ်ဆေး၍ ပြုပြင်၍ ရနိုင်သည့် အဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်း၊ ပြုပြင်၍ မရနိုင်သည့် အန္တရာယ်ရှိအဆောက်အဦများကို ဖြိုချဖျက်ဆီး၍ အသစ်ပြန်လည် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများဆောက်လုပ်ရာတွင် အဆောက်အဦတည်ဆောက်မှု တာဝန်ခံအင်ဂျင်နီယာများ၊ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေ/မီး ပိုင်းဆိုင်ရာတာဝန်ခံများ အနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျတည်ဆောက်သွားရန်လိုအပ်မည် ဖြစ်ပြီး ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက်လည်း ထည့်သွင်း တွက်ချက်ဆောက်လုပ်သွားရန်လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်တွင် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများကို စိစစ်ခဲ့မှုများအရ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်ခဲ့ခြင်းမရှိသဖြင့် ယခုကဲ့သို့ ပေးဆပ်မှုတန်ဖိုးများ ကြီးမားခဲ့ရခြင်းဖြစ်သည်ကို သင်ခန်းစာဖော်ထုတ်ရရှိခဲ့ရကြောင်း၊ ထို့နောက်အဆောက်အဦများ တည်ဆောက်ရာတွင် တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
အဆိုပါ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀) ရှိ ဆေးကုသဆောင်များ၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ များပြားခဲ့သဖြင့် ဆေးရုံကို ဇေယျာသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်၍ ဆေးဝါးကုသမှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။