
၈. ၄. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်က အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း KIA၊ TNLA၊ AA၊ KNDF/KNPP နှင့် PDF အဖွဲ့များက ဧပြီ ၇ ရက် (ယမန်နေ့)တွင် တပ်မတော်လုံခြုံရေးစခန်းနှင့် ရဲစခန်းများကို ဒရုန်း၊ စနိုက်ပါများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များဖြစ်တဲ့ TNLA အနေနဲ့ တောင်ခမ်းဒေသက လုံခြုံရေးစခန်းကို မနေ့က ၁၀ နာရီ ၄၅ ကနေ ညနေ ၃ နာရီခွဲအထိ ဒရုန်းနဲ့ Drop Bomb ချပြီး တိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ်။ KNPP/KNDF အဖွဲ့တွေအနေနဲ့လည်း လွိုင်ကော်နဲ့ ဘော်လခဲမှာ စနိုက်ပါနဲ့လာပစ်တာ လုံခြုံရေးစခန်းတွေကို Drop Bomb ချတိုက်ခိုက်တာများ ပြုလုပ်ခဲ့ပါတယ်။ AA အနေနဲ့ ကျောက်ဖြူ အရှေ့တောင်ဘက်မှာရှိတဲ့ တပ်လုံခြုံရေးတွေကို မနေ့က ညနေ ၃ နာရီနဲ့ ည ၇ နာရီမှာ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ PDF အဖွဲ့များအနေနဲ့ ကလေးဝမြို့နယ်၊ ငစိန်နယ်မြေရဲစခန်းကို မနေ့က နေ့လယ် ၁၂ နာရီ ၁၅ ကနေ ၁၂ နာရီခွဲအထိ Drop Bomb များချပြီး တိုက်ခိုက်ခဲ့ပါတယ်။ KIA အနေနဲ့ကတော့ မနေ့က ၆ နာရီခွဲကနေစပြီး အင်းတော်မြို့မှာ လုံခြုံရေးယူနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ကြောင်း တွေ့ရပါတယ်။ PDF များအနေနဲ့ ပခုက္ကူမြို့နယ် အောင်သာကျေးရွာမှာ၊ လုံခြုံရေးယူနေတဲ့ တပ်နဲ့ ရဲအဖွဲ့များကို ဒရုန်းနှစ်စင်းနဲ့ မနေ့က မနက် ၁၀ နာရီလောက်မှာ Drop Bomb ချပြီးတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဧပြီ ၆ ရက်ကလည်း KIA၊ TNLA၊ AA နှင့် KNDF/KNPP အဖွဲ့များက တပ်မတော်ဌာနချုပ်၊ သစ်တောရုံး လုံခြုံရေးစခန်းတွေအပြင် လုံခြုံရေးယူနေသည့် စစ်ရေယာဉ်များကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်က အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း နေ့စဉ်နီးပါး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များက လာရောက်တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မည်ဟု တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ၊ တအာန်းလက်နက်ကိုင် TNLA နှင့် ရခိုင်လက်နက်ကိုင် AA တို့က ဧပြီ ၁ ရက်က ကြေညာခဲ့သော်လည်း အကြမ်းဖက်လက်နက်ကိုင်များ၏ သစ္စာမဲ့မှု၊ ကတိမတည်မှုထုံးစံအတိုင်း ဧပြီ ၂ ရက် မနက်တွင်လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က တပ်မတော်၏ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူလိုက်ကြောင်း ဧပြီ ၅ ရက်တွင် ထုတ်ပြန်ထားသေးသည်။
ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း မြောက်ပိုင်းသုံးဖွဲ့ဝင်ဖြစ်သည့် MNDAA သည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ လားရှိုးကို အပစ်ရပ်မည်ဖြစ်ကြောင်း တိုင်းသိပြည်သိ တရုတ်နိုင်ငံသိအောင် ကြေညာစာထုတ်ခဲ့သော်လည်း ကတိမတည်ဘဲ လားရှိုးကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုတွင် လားရှိုးတပ်မတော်ဆေးရုံရှိ လူနှင့် ဆေးတပ်မှ တပ်မတော်သားရာချီ သေဆုံး ဖမ်းဆီးခံခဲ့ရသည့် သစ္စာမဲ့ ကတိမတည်မှု ပြယုဂ်အထင်ကရရှိခဲ့သည်။
လက်ရှိတွင်လည်း အဆိုပါလမ်းစဉ်များနည်းတူ KIA၊ TNLA၊ AA၊ KNDF/KNPP နှင့် PDF တို့သည် တပ်မတော်က ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် အပစ်အခတ် ရပ်စဲထားပေးချိန် တပ်မတော်လုံခြုံရေးစခန်းများနှင့် နယ်မြေခံရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။