
၈. ၄. ၂၀၂၅
Written by Nyein Kyaw
ယနေ့ ညနေ ၆ နာရီအထိ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၃၆၄၅ ဦးရှိလာခဲ့ပြီး နိုင်ငံတကာမှ ထောက်ပံ့ကူညီရေးပစ္စည်း တန်ချိန် ၂၂၁၅ တန်ဝန်းကျင်း ရောက်ရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေ့ ညနေ ၆ နာရီအထိ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူစုစုပေါင်း ၃၆၄၅ ဦးဖြစ်ပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၅၀၁၇ ဦးဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ ၁၄၈ ဦးရှိပါတယ်။ သေဆုံးဒဏ်ရာရ၊ ပျောက်ဆုံးမှုများအတွက် နိုင်ငံတော်အစိုးရအနေနဲ့ မိသားစုများနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၂၀ မှ လေယာဉ်၊ ကား၊ သင်္ဘောများဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန် ၂၂၁၅ တန်ဝန်းကျင် ရောက်ရှိခဲ့ကြောင်း သိရသည်။
“နိုင်ငံတကာက ကူညီထောက်ပံ့မှုများ ရောက်ရှိမှုအနေနဲ့ ဒီနေ့အထိ နိုင်ငံ ၂၀ က လေယာဉ် ၉၈ ခေါက်၊ ကားအစင်းရေ ၆ စင်း၊ သင်္ဘောနဲ့ ၅ ခေါက်ရောက်ရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦးရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးပစ္စည်း တန်ချိန် ၁၃၀၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၉၁၀ ကျော် ရောက်ရှိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။