




၈.၄.၂၀၂၅
Written By Thandar
မန္တလေးမြို့ စိန်ပန်း သံနောက် အလက (၃၃) ပတ္တမြားရပ်အတွင်းရှိ ငလျင်ဘေးသင့်သူတွေ နေထိုင်ဖို့ မင်းသားဝင်းနောင်ရဲ့ မိုးလုံလေလုံဇာတ်ခုံကြီးကို ကုသိုလ်ပြု ဆောက်လုပ်ပေးခဲ့သလို မင်းသားဖိုးချစ်ကလည်း အနုပညာချွေးနည်းစာနဲ့ လှူဒါန်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော့်ရဲ့ ၄ ညတိုင်တိုင် က,ပြဖျော်ဖြေတဲ့ အနုပညာကြေးချွေးနည်းစာတွေကို လှူတာပါ။ ကျွန်တော့်ကို ဆုချတဲ့ ဆုချငွေတွေ၊ ပရိသတ်ရဲ့ ပွဲခင်းထဲက အလှုခံရရှိငွေများ စုပေါင်းပြီးတော့ကျပ်သိန်း ၅၀၀ ကျော်
မ,တည်လှုဒါန်းနိုင်ခဲ့ပါပြီခင်ဗျာ” လို့ သဘင်ပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဇာတ်မင်းသားဖိုးချစ်က ပရိသတ်သိအောင်ပြောလာပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေ မန္တလေးက ကယ်ဆယ်ရေးစခန်းနေရာမှာ သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်လေးတွေ နေထိုင်ရေးအဆင်ပြေစေဖို့အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဖိုးချစ်ရဲ့ ဦးဆောင်မှုနဲ့ ဝီရိယမင်းသားဝင်းနောင်ကလည်း မိုးလုံလေလုံဇာတ်ခုံကြီးကို ကုသိုလ်ပြုဆောက်လုပ်ပေးခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် နေပြည်တော် အနုပညာဦးစီးဌာနက ခရေရိပ်သာက ငလျင်ဒဏ်သင့် သေဆုံးသူ ၁၀ ဦး၊ အိုးအိမ်မဲ့မိသားစု ၈၅ စုနဲ့ တခြားမိသားစုများအတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဦးဆောင်တဲ့အဖွဲ့က ဆန်အိတ် ၆၀၊ ဆီ ၃ ပိသာပုံး ၂၃၉ ပုံးနဲ့ ငွေသား ကျပ် ၄၂၄ သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဘေးသင့်သူတွေ စားဝတ်နေရေးခက်ခဲနေသူတွေကို တစ်နေ့ လူ ၁၀၀၀ စာ မနက်၊ ည စတုဒိသာကျွေးမွေးတာ၊ ကျွေးမွေးတဲ့ ရပ်ကွက်တိုင်းမှာ ဘုန်းကြီးငါးပါးကို သင်္ကန်း၊ အလှူငွေဆပ်ကပ်လှူဒါန်းပြီးတော့ ကွယ်လွန်သူတွေအမျှပေးဝေပေးခဲ့တယ်လို့ သိရပါတယ်။