
၈.၄.၂၀၂၅
Written by Nyein Kyaw
တပ်မတော်က အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း KIA၊ TNLA၊ AA နှင့် KNDF/KNPP အဖွဲ့များက တပ်မတော်ဌာနချုပ်၊ သစ်တောရုံး လုံခြုံရေးစခန်းများအပြင် လုံခြုံရေးယူနေသည့် စစ်ရေယာဉ်များကိုပါ ပစ်ခတ်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဧပြီလ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့အတွင်း တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ထုတ်ပြန်ချက် ထုတ်ပြန်အပြီးမှာ မနေ့က ဧပြီ ၆ ရက်နေ့မှာ KIA အနေနဲ့ ဗန်းမော်မှာရှိတဲ့ တပ်မတော်ဌာနချုပ်တွေကို ၈၂ မမ စိန်ပြောင်းနဲ့ အဝေးကနေပစ်ခတ်မှု ည ၁၀ နာရီခွဲခန့်မှာ ပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်။ TNLAအဖွဲ့အနေနဲ့ တောင်ခမ်းဒေသမှာ မနေ့က နေ့လယ် ၁၂ နာရီခွဲကျော်ကျော်လောက်မှာ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDF/KNPP အနေနဲ့ ဘော်လခဲမှာရှိတဲ့ ဘော်လခဲ သစ်တောရုံးအနီးမှာ လုံခြုံရေးယူနေတဲ့အဖွဲ့ကို မနေ့က မနက် ၈ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။ AA အနေနဲ့ ဂွမြို့မှာ လုံခြုံရေးယူနေတဲ့ စစ်ရေယာဉ်တစ်စင်းကို အဝေးကနေ ပစ်ခတ်ခဲ့ပါတယ်။ ကျောက်ဖြူမှာ လုံခြုံရေးယူနေတဲ့စခန်းတွေကို အဝေးကနေ ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မည်ဟု တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ၊ တအာန်းလက်နက်ကိုင် TNLA နှင့် ရခိုင်လက်နက်ကိုင် AA တို့က ဧပြီ ၁ ရက်တွင် ကြေညာခဲ့သော်လည်း အကြမ်းဖက်လက်နက်ကိုင်များ၏ သစ္စာမဲ့မှု၊ ကတိမတည်မှုထုံးစံအတိုင်း ဧပြီ ၂ ရက် မနက်တွင်လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က တပ်မတော်၏ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူလိုက်ကြောင်း ဧပြီ ၅ ရက်တွင် ထုတ်ပြန်ထားသေးသည်။
ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း မြောက်ပိုင်းသုံးဖွဲ့ဝင်ဖြစ်သည့် MNDAA သည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ လားရှိုးကို အပစ်ရပ်မည်ဖြစ်ကြောင်း တိုင်းသိပြည်သိ တရုတ်နိုင်ငံသိအောင် ကြေညာစာထုတ်ခဲ့သော်လည်း ကတိမတည်ဘဲ လားရှိုးကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုတွင် လားရှိုးတပ်မတော်ဆေးရုံရှိ လူနှင့် ဆေးတပ်မှ တပ်မတော်သားရာချီ သေဆုံး အဖမ်းခံခဲ့ရသည့် သစ္စာမဲ့ ကတိမတည်မှု ပြယုဂ်အထင်ကရရှိခဲ့သည်။
လက်ရှိတွင်လည်း အဆိုပါလမ်းစဉ်များနည်းတူ KIA၊ TNLA၊ AA နှင့် KNDF/KNPP သည် တပ်မတော်က ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် အပစ်အခတ် ရပ်စဲထားပေးချိန်တွင်လည်း တပ်မတော်စခန်းများနှင့် လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။