
MT News
၈. ၄. ၂၀၂၆
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးမှုများ ရှိခဲ့သည့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း နံနက်တစ်ချိန်၊ နေ့လယ်တစ်ချိန်နှင့် ညပိုင်းတစ်ချိန်တို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လှည့်ကင်းများ ဆောင်ရွက်ခြင်း၊ ကင်းပုန်းများ ချထားခြင်းများ ဆောင်ရွက်၍ လုံခြုရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
လူမှုကွန်ရက်အချို့တွင် နေပြည်တော်ရှိ အိမ်ရာအချို့နှင့် အပျိုဆောင်အချို့၌ လုယက်မှုများ ဖြစ်ပေါ်ကြောင်း သတင်းများ ဖော်ပြသည်ကို တွေ့ရသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးအား လုယက်မှု သတင်းများ မှန်ကန်မှု ရှိ မရှိ / ကြားသိခြင်း ရှိမရှိ မေးမြန်းရာ “အခုအချိန်ထိ ကျွန်တော်တို့ စခန်းတွေမှာ လာရောက်တိုင်ကြားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဒါက ကောလာဟလလို့ ယူဆပါတယ်။ ကျွန်တော်တို့က နေ့/ ည ကင်းတွေမပြတ် လှည့်လည်ပြီး လုံခြုံရေး ဆောင်ရွက်ပေးနေပါတယ်။ လုယက်မှုတွေ ကျူးလွန်ခံရရင် တိုင်ကြားနိုင်ဖို့ ကျွန်တော်တို့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ သွားစစ်တော့ တွေ့ရတာက တုတ် / ဓား လက်နက်အချို့ ကိုင်ပြီး တိုက်တွေမှာ စောင့်နေတာက ကိုယ့်ဝန်ထမ်းတွေ / မိသားစုဝင်တွေဖြစ်ပါတယ်။ သူတို့က မသယ်ယူရသေးတဲ့ ပစ္စည်းတွေ ရှိနေသေးတော့ အစုအဖွဲ့အလိုက် ကင်းစောင့်နေကြတာပါ။ သူတို့ဆီကလည်း ထူးထူးခြားခြား တိုင်ကြားတာ မရှိပါဘူး။ ရဲစခန်းကို တိုက်ရိုက်တိုင်ကြားနိုင်သလို ဖုန်းနဲ့လည်း ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးသွားပါ မယ်” ဟု ဖြေကြားသည်။
တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ငလျင်ဒဏ်သင့်ဒေသများ၌ လုယက်မှုများ၊ ဓားပြတိုက်မှုများ ဖြစ်ပေါ်ပါက နီးစပ်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းများသို့ တိုင်ကြားနိုင်ကြောင်းနှင့် မကြာမီ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။