
၈. ၄.၂၀၂၅
Written by Nay Moe
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းမကြီးပေါ်က ကလိုင်ပဒေါနဲ့ ရွာသာအေး ကျေးရွာအကြားမှာ ဆက်ကြေးမပေးတဲ့ ကျော်ဆန်းစက်သုံးဆီဆိုင်က ဆီဘောက်ဆာယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး ) NMSP-AD က ဝန်ခံထားပါတယ်။

NMSP-AD နဲ့ နီးစပ်တဲ့ လွတ်လပ်သောမွန်သတင်းအေဂျင်စီမှာ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့ကနေ ရေးမြို့ဘက် မောင်းနှင်လာတဲ့ ကျော်ဆန်းစက်သုံးဆီဆိုင်ပိုင် ဆီဘောက်ဆာကားတစ်စီးကို NMSP-AD အဖွဲ့တို့က အခွန်ကိစ္စညှိနှိုင်းပြောဆိုဖို့ တားဆီးရပ်တန့်ခဲ့ပြီး ဆီဆိုင်ဘက်က NMSP-AD တောင်းတဲ့ အကောက်ခွန်အမည်တပ်ဆက်ကြေး တစ်ခါမှမပေးသလို ဖုန်းဆက်တောင်းတော့လည်း မထီမဲ့မြင်လုပ်လို့ ဆီဘောက်ဆာ ဘေးလွတ်ရာထားပြီး ကားခေါင်းမီးရှို့လိုက်ချိန်မှာ ကားတစ်စီးလုံးမီးလောင်သွားတာလို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားရဲ့ ဝန်ခံချက်ကို ဖော်ပြထားပါတယ်။

NMSP-AD ဟာ ဆီဘောက်ဆာဖြတ်သန်းခ တစ်နှစ် သိန်း ၂၀၀ တောင်းခံတယ်လို့ သတင်းထွက်နေပေမဲ့ တကယ်တောင်းတာက သိန်း ၅၀ လို့ပြောသလို ကားတစ်စီးလုံးကို မီးရှို့အပြီးမှာ သယ်လာတဲ့ ဒီဇယ်ဆီ (၁၄၀၀၀) လီတာ၊ ပရီးမီယာ ဒီဇယ်ဆီ (၇၀၀၀) လီတာ၊ ဓာတ်ဆီ (၁၄၀၀၀) လီတာကို MNSP-AD အဖွဲ့က ဝဲခမိကျေးရွာဘက် ဆွဲယူလာခဲ့ပြီး စက်သုံးဆီတွေကို သယ်ယူ လုယက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

MNSP – AD အဖွဲ့က ဆက်ကြေးမပေးမှုနဲ့ ကျော်ဆန်းစက်သုံးဆီဆိုင်က ဆီဘောက်ဆာကားကိုမီးရှို့၊ ဆီလုယက်တဲ့ဖြစ်စဥ်ကို MNSP – ချက်ချင်း ဝန်မခံတာကြောင့် အဲဒီနယ်မြေမှာ လှုပ်ရှားတဲ့ မွန်ပြည်တော်လှန်ရေးအဖွဲ့ (MSRF) က ဒီဆက်ကြေးကောက် အကြမ်းဖက် လုယက်မှုမှာ မပတ်သက်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
Ref & Photo – INMA