




၇.၄.၂၀၂၅
Written By Thandar
ငလျင်ဘေးသင့်ပြည်သူတွေအတွက် Tattoo Artist များရဲ့အလှူအနေနဲ့ တတ်တူးချစ်မြတ်နိုးသူတွေ ၅၀ ရာခိုင်နှုန်းလျှော့ဈေးနဲ့ ပါဝင်နိုင်မယ့် အလှူပွဲကို ယနေ့ ဧပြီ ၇ ရက်နဲ့ ၈ ရက်အထိ နံနက် ၉ နာရီကနေ ည ၈ နာရီအထိ ရန်ကုန်မြို့ Kantharyar Shopping Cemter မှာ ကျင်းပနေလျှက်ရှိပါတယ်။
“ကျွန်တော်တို့ ငလျင်ဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုလို့ရအောင် ကိုယ်တတ်ကျွမ်းတဲ့ တတ်တူးလေးထိုးရင်နဲ့ ငွေကြေးတချို့ရှာဖွေပေးဖြစ်တာပါ။ ကျွန်တော်တို့ ရန်ကုန်မြို့ ကန်တော်ကြီးထဲမှာ ၂ ရက် ကျင်းပတာပါ။ ဒီပွဲမှာ တတ်တူးချစ်တဲ့သူတွေအတွက်က ရန်ပုံငွေလုပ်တာ အလှူလုပ်တာမို့ အပြင်မှာထိုးလို့ ၁၀၀ ကျမယ်ဆိုရင် ဒီမှာက ၅၀ ပဲကျမှာပါ။ ၅၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ပေးထားပါတယ်။ လျှော့ပေးထားတဲ့ ငွေကြေးကိုလည်း ကျွန်တော်တို့က အပ်ဖိုးဆေးဖိုးတွေအပြင် စားတာသောက်တာ ရေဝယ်တာကအစ ပြင်နှုတ်ခြင်းလည်း မရှိဘူး။ ရတဲ့ ၅၀ ရာခိုင်နှုန်းကို ပြန်လည်ထူထောင်ရေးအတွက် လှူမှာပါ” လို့ Tattoo Artist Ko Gwan (Dream Ink) က ပြောပါတယ်။
အဆိုပါ ပွဲမှာတော့ Tattoo Artist ပေါင်း ၃၀ ကျော်နဲ့ ပါဝင်အားဖြည့်သူ အယောက် ၅၀ နီးပါး ငလျင်ဘေး သင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကြလည်းဖြစ်ပါတယ်။ Tattoo Artist တွေကလည်း အနုပညာဖန်တီးနိုင်စွမ်းအားနဲ့ ပါဝင်ခဲ့ကြသလို Kantaryar Shopping Center က နေရာကိုလည်း စပွန်ဆာအနေနဲ့ ပံ့ပိုး ပေးထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့တွေ အားလုံးက ကိုယ့်အကျိုးအတွက် မပါပါဘူး။ ငလျင်ဘေးအတွက်ပဲ ပါဝင်ထားကြတာပါ။ တတ်တူးချစ်မြတ်နိုးသူတွေကလည်း ကန်သာယာမှာ လာရောက် တတ်တူးရေးရင်းနဲ့ လှူလို့ရမယ်။ တတ်တူးလည်း ရမယ်။ ကုသိုလ်လည်းရမယ် အစီအစဉ်မှာပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်”လို့ သူကဆက်ပြောပါတယ်။