
MT News
၇. ၄. ၂၀၂၅
ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းနေသလို ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းပေါ်ထွန်းနေ၍ နိုင်ငံတစ်ဝန်း အချိန်အခါမဟုတ် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စဥ်ဆက်မပြတ် သတိပေးချက်များ ထုတ်ပြန်ထားသည်။




ယမန်နေ့နံနက် ၉ နာရီခွဲအချိန်မှ ယနေ့နံနက် ၉ နာရီခွဲအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်ချုပ်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။
နေ့အပူချိန်များမှာ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်အောက် ၄ ဒီဂရီဆဲလ်စီးယပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။
ဧပြီ ၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၁.၇ ဒီဂရီဆဲလ်စီးယပ်၊ ဂန့်ဂေါမြို့တွင် ၄၀.၀ ဒီဂရီဆဲလ်စီးယပ်၊ ဇောင်းတူမြို့တွင် ၃၉.၈ ဒီဂရီ ဆဲလ်စီးယပ်၊ ညောင်လေးပင်မြို့တွင် ၃၉.၅ ဒီဂရီဆဲလ်စီးယပ်၊ ကလေးဝမြို့တွင် ၃၉.၃ ဒီဂရီဆဲလ်စီးယပ်၊ ရမည်းသင်းမြို့၊ ကျောက်ဆည်(လွန်ကျော်)၊ ပခုက္ကူမြို့နှင့် မုံရွာမြို့တို့တွင် ၃၉.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ ကော့ကရိတ်မြို့တွင် ၃၈.၉ ဒီဂရီဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့နှင့် မြဝတီတို့တွင် ၃၈.၈ ဒီဂရီဆဲလ်စီးယပ်စီနှင့် ပြည်မြို့တွင် ၃၈.၆ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကျိုင်းတုံမြို့တွင် ၀.၆၃ လက်မ၊ ကိုကိုးကျွန်းမြို့တွင် ၀.၄၇ လက်မ၊ ဖျာပုံမြို့တွင် ၀.၂၄ လက်မ၊ မိုင်းပျဉ်းမြို့တွင် ၀.၂၃ လက်မ၊ ဘားအံ(စိုက်ပျိုးရေးမိုးလေဝသ)နှင့် ပင်လောင်းမြို့တို့တွင် ၀.၀၈ လက်မစီနှင့် လွိုင်ကော်မြို့တွင် ၀.၀၄ လက်မတို့ ဖြစ်ကြသည်။
ထို့အတူ ယနေ့မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ၈-၄-၂၀၂၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းသို့ ရောက်ရှိပြီးနောက် မြောက်ယွန်းယွန်းသို့ ရွေ့လျားကာ ၁၀-၄-၂၀၂၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
ထို့အတွက် မနက်ဖြန်နံနက်အထိ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားပြီး မြန်မာ့ပင်လယ်ပြင်တွင်လည်း လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်သည်။
ထို့အပြင် အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၁၂/၂ဝ၂၅) ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်း ဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယမန်နေ့ညမှ ဧပြီ ၁၁ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။ ဧပြီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် လိုအပ်ကြောင်း သတိပေးထားသည်။