
၇. ၄. ၂၀၂၅
Photo by Ye Kyaw
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်မယ့် ဗဟိုရေကစားမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ထားမှုတွေကို ဆက်လက်မလုပ်ဆောင်တော့ဘဲ ပြန်လည်ဖျက်သိမ်းနေတာကို ဒီနေ့မှာ တွေ့ရပါတယ်။





ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမအရှေ့မှာ ရေကစားမဏ္ဍပ်တွေကို ခါတိုင်းနှစ်တွေထက် ပိုစောပြီးတော့ မတ်လ ဒုတိယအပတ်ထဲက ကြိုတင်ပြင်ဆင် ဆောက်လုပ်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မတ်လ ၂၈ ရက်မှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၅၀၀ ကျော်နဲ့ ဒဏ်ရာရရှိသူ ၅၀၀၀ ကျော်အထိရှိလာခဲ့သလို တိုက်တာ၊ အိုးအိမ်တွေအပြင် ဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ သာသနိကအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးရတာဖြစ်ပါတယ်။
ဒီလိုဝမ်းနည်းကြေကွဲစရာကောင်းတဲ့အချိန်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပထမဆုံးကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို တီးမှုတ်ကခုန်မှုတွေမပါဘဲ အေးချမ်းစွာနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ စီစဉ်သွားမယ်လို့ SAC သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပြီးဖြစ်တာကြောင့် ဆောက်လက်စမဏ္ဍပ်တွေကို ရန်ကုန်မှာသာမက အခြားမြို့ကြီးတွေမှာလည်း ပြန်လည်ဖျက်သိမ်းနေကြပါတယ်။