
၇.၄.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ခရွန်ထိုင်းဘဏ်လက်အောက်မှာရှိတဲ့ Krungthai Compass သုတေသနစခန်းရဲ့ပြောကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားလာရောက်မှုက လျော့နည်းသွားတဲ့အပြင် မကြာမီက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်သက်ရောက်မှုတွေကြောင့် ထိုင်းနိုင်ငံမှာကွန်ဒိုတိုက်ခန်းတွေ တရုတ်ဝယ်ယူသူတွေထံမှ လွှဲပြောင်းရယူမှုက ၂၀၂၅ ခုနှစ်မှာဆိုရင် ပြည်ပဝယ်ယူသူစုစုပေါင်းရဲ့ လွှဲပြောင်းရယူမှုရဲ့ ၄၀ ရာခိုင်နှုန်းအောက်ကို နှစ်နှစ်ဆက်တိုက်ကျဆင်းဖွယ်ရှိတယ်လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံသားတွေရဲ့ ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုက ပြည်ပနိုင်ငံသားတွေရဲ့ ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုစုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းကဆိုရင် တရုတ်နိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှုက ၆၁ ရာခိုင်နှုန်းအထိရှိတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ၊ ၅၈ ရာခိုင်နှုန်း နဲ့ ၂၀၂၂ ခုနှစ်မှာ ၄၉ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ကာ ၂၀၂၄ ခုနှစ်မှာတော့ ၄၀ ရာခိုင်နှုန်းအောက်ကို ပထမဆုံး ရောက်ရှိလာတာပါ။
Krungthai Compass ရဲ့ အဓိကစီးပွားရေးပညာရှင် ဖြစ်တဲ့ ပတ်ချရာပေါ့ နန်ထရာမားစ်က တရုတ်နိုင်ငံ မှ ထိုင်းနိုင်ငံကိုလာရောက်တဲ့ ခရီးသွားကျဆင်းလာမှုက ခုလို ကွန်ဒိုတိုက်ခန်းတွေကို တရုတ်လူမျိုးတွေ ဝယ်ယူမှုကျဆင်းရခြင်းနဲ့ ဆက်စပ်နေတယ်လို့ပြောခဲ့ပါတယ်။ ဒါ့ပြင် သူက သိပ်မကြာသေးမီကမှ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့်လည်း တရုတ်နိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှုက ပြည်ပနိုင်ငံသားတွေရဲ့ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းအောက်မှာ ဒုတိယမြောက်နှစ်အဖြစ်ဆက်ရှိနေမယ်လို့ ကျွန်တော်ယူဆတယ်လို့လည်း ပြောခဲ့ပါတယ်။
မြန်မာ့ငလျင်ကြောင့် ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှုအားကျဆင်းသွားနိုင်ပေမယ့် ဒါက ခေတ္တပဲဖြစ်မယ်လို့လည်း Krungthai Compass က ယူဆထားပါတယ်။
ထိုင်းနိုင်ငံမှာ ပြည်ပနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ တရုတ်နိုင်ငံသားတွေ ဝယ်ယူမှုက ကျဆင်းခဲ့တယ်ဆိုပေမယ့် အများဆုံးဝယ်ယူသူတွေအဖြစ် ထိပ်ဆုံးနေရာမှာတော့ ရှိနေဆဲပါ။ သူ့အောက်မှာတော့ ကွန်ဒိုအများဆုံးဝယ်ယူသူနိုင်ငံသားတွေအဖြစ် မြန်မာ၊ ရုရှား၊ တရုတ်တိုင်ဝမ် နဲ့ အမေရိကန်နိုင်ငံသားတွေက အစဉ်အတိုင်းရှိကြပါတယ်။
ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှုက နှေးကွေးကျဆင်းသွားနေပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှုကတော့ ပိုလိုလျင်မြန်လာနေတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုက ပြည်ပနိုင်ငံသားတွေရဲ့ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအထိရှိလာပါတယ်။ ဒါက ဒီမတိုင်ခင်နှစ်ထက်လည်း ရာခိုင်နှုန်းအားဖြင့် နှစ်ဆတိုးလာခြင်းပါပဲ။
မြန်မာနိုင်ငံမှာ ပြည်တွင်းရေးမတည်ငြိမ်မှုက နိုင်ငံရဲ့ ချမ်းသာကြွယ်ဝသူတွေကို ထိုင်းနိုင်ငံကိုပြောင်းရွှေ့လာစေပြီး ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလာစေတယ်လို့ ပတ်ချရာပေါ့က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံသား ကွန်ဒိုဝယ်ယူသူတွေရဲ့ ကွန်ဒိုတစ်ခန်းအတွက် ပျမ်းမျှတန်ဖိုးက ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ကွန်ဒိုဝယ်ယူသူတွေရဲ့ ကွန်ဒိုတစ်ခန်းအတွက် ပျမ်းမျှတန်ဖိုးထက်မြင့်နေတာလည်း တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံသား ကွန်ဒိုဝယ်ယူသူတွေရဲ့ ကွန်ဒိုတစ်ခန်းအတွက် ပျမ်းမျှတန်ဖိုးက ဘတ်ငွေ ၅ ဒသမ ၂ သန်းရှိပြီး ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ကွန်ဒိုဝယ်ယူသူတွေရဲ့ ကွန်ဒိုတစ်ခန်းအတွက် ပျမ်းမျှတန်ဖိုး ဘတ်ငွေ ၄ ဒသမ ၇ သန်းထက် မြင့်မားလျက်ရှိပါတယ်။
Ref- Bangkok Post