
၇. ၄. ၂၀၂၅
Written by Nyein Kyaw
မြန်မာ့ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးအတွက် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှ ဘတ် ၁၀ သိန်းတန် မြေတူးကားတစ်စီးလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။



ဧပြီလ ၆ ရက်(ယမန်နေ့) နေ့လယ် ၂ နာရီခန့်တွင် ထိုင်းသံရုံး၊ ရန်ကုန်မှ သံအမတ်ကြီး H.E. Mr. Mongkol Visitstump သည် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းကိုယ်စား ဘတ် ၁၀ သိန်း တန်ဖိုးရှိသော မြေတူးကားတစ်စီး မန္တလေးတိုင်းသို့ ပေးအပ်လှူဒါန်းခဲ့ရာ မန္တလေးတိုင်းအစိုးရအဖွဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကျော်မိုးမှ မန္တလေးမြို့ Sky Villa ကွန်ဒိုအရှေ့နားတွင် လက်ခံပေးခဲ့သည်။
မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပြိုပျက်သွားသော Sky Villa အပါအဝင် အခြားနေရာများရှိ အဆောက်အအုံများအောက်မှ လူ့ခန္ဓာကိုယ်များအား ပြောင်းရွှေ့ဆယ်ယူရာတွင် အသုံးပြုနိုင်ရန်အတွက်နှင့် မန္တလေးဒေသ ယခင်ကဲ့သို့ အနေအထားသို့ အလျင်မြန်ဆုံး ပြန်လည်ထူထောင်ရေးအတွက် တစ်စိတ်တစ်ပိုင်းအနေဖြင့် အထောက်အကူဖြစ်စေရန် ရည်ရွယ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထို့ပြင် CP Motor Myanmar ကုမ္ပဏီမှ လှူဒါန်းသော Tent နှစ်ဒါဇင်နှင့် MK Distribution ကုမ္ပဏီမှလှူဒါန်းသော အသင့်စားမာမားခေါက်ဆွဲထုပ် ၄၅,၀၀၀ တို့ကို မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် မန္တလေးအစိုးရကိုယ်စားလှယ်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရ၊ ထိုင်းလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံသားများသည် ယခုကဲ့သို့ ခက်ခဲပင်ပန်းသည့် အချိန်ကာလအတွင်း မြန်မာနိုင်ငံသားများအတွက် အကူအညီများပေးရန်နှင့် ဘေးနားမှာနေ၍ အားအင်များပေးရန် အမြဲအဆင်သင့်ရပ်တည်လျက်ရှိနေကြောင်းလည်း ထုတ်ပြန်ထားသည်။