MT News
ထိုင်း ရဲတပ်ဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက မလေးရှားနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားသော မြန်မာနိုင်ငံသားများနှင့် ၎င်းတို့ကို လိုက်ပါပို့ဆောင်ရန် စီစဉ်သည့်လမ်းပြ ပွဲစားဖြစ်သူ ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများသည် သတင်းအရ ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ်၊ Mueang District ခရိုင်၊ Koh Lak မြို့နားရှိ Moo 7 ရွာတွင် အသက် ၅၆ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ပရာချက်ဆိုသူ အိမ်ကို ရှာဖွေချိန်တွင် ၎င်းနှင့်အတူ ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် ပရာချက် ဆိုသူကို စိတ်ကြွမူးယစ်ဆေးဝါးများ လက်ဝယ်ပိုင်ဆိုင်မှုအပြင် နိုင်ငံခြားသားများကို ခွင့်ပြုချက်မရှိဘဲ နေထိုင်ခွင့်ပေးခြင်း၊ တိမ်းရှောင်ခွင့်ပေးခြင်းတို့နှင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအားလုံးသည် ချင်းပြည်နယ်မှလာရောက်သူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ဇန်နဝါရီ ၁၉ ရက်တွင် မြန်မာနိုင်ငံ မုဒုံမြို့၌ ညအိပ်ခဲ့ကြောင်း၊ မုဒုံတွင် တစ်ညအိပ်ပြီးနောက် ထိုင်းနိုင်ငံသို့ တောလမ်းတစ်လျှောက် ဝင်ရောက်လာခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ထိုင်း ရဲတပ်ဖွဲ့နှင့် ထိုင်းလူဝင်မှုကြီးကြပ် ရေးဌာနတာဝန်ရှိသူများက ဆိုသည်။
မြန်မာနိုင်ငံသား ၂ ဦးက ဦးဆောင်ပြီး ပရာချက်အိမ်ကို ဦးဆောင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကာ ၎င်းတို့အားလုံးသည် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး တစ်ဦးကိုပွဲစားခအဖြစ် ထိုင်းဘတ် ၃ သောင်းနှင့် ၄ သောင်းကြား ကုန်ကျခဲ့ရကြောင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများက ဝန်ခံထွက်ဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့သည် ဖမ်းဆီးထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အသေးစိတ်ထပ်မံစစ်ဆေးမည်ဖြစ်သလို ထိုင်းနိုင်ငံသား ပရာချက်ကိုလည်း ထပ်မံစစ်ဆေးပြီး စွဲချက်တင်သွားဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
ref naewna news