
၇. ၄. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် မတ်လ ၃၁ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန် ၂ သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလျံရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လျာထားချက်အရ ပြည်ပသို့ တစ်လလျှင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် တင်ပို့ရမည်ဖြစ်သော်လည်း ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် လျာထားချက်တန်ချိန် ၂ သိန်းကျော် မပြည့်မီခဲ့သလို အချို့လများတွင် တန်ချိန် တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိသာ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ရာမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်မှစတင်၍ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုကြောင်း ဗဟိုဘဏ်မှ ဖြေလျှော့ပေးခဲ့ပြီးနောက် အဆိုပါ ဩဂုတ်လ၌ပင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပထမဆုံးလျာထားချက် ပြည့်မီခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက် တန်ချိန် ၂ သန်းခွဲထက် ပို၍တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အသင်းချုပ်နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံတွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ပြောထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအကုန်အထိ ၁၁ လအထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၃၇၃ သန်းအထိ တင်ပို့ထားနိုင်ခဲ့ပြီး လျာထားချက် ပြည်မီရန် တန်ချိန် ၁၃၀,၀၀၀ ခန့်သာ လိုအပ်တော့သာဖြစ်သည်။ သို့သော်လည်း ဘဏ္ဍာနှစ် နောက်ဆုံးလဖြစ်သည့် မတ်လတွင် တန်ချိန် ၁၁၄,၀၀၀ ဝန်းကျင်သာ တင်ပို့နိုင်ခဲ့သဖြင့် လျာထားချက် မပြည့်မီခဲ့ခြင်းဖြစ်သည်။