
၇.၄.၂၀၂၅
Written By Thandar
ပုဂံဆရာတော် ဦးပညာသာရနဲ့အတူ သရုပ်ဆောင်ဇွဲနိုင်ဝင်းကတော့ စစ်ကိုင်းငလျင်ဘေးဒဏ်ကြောင့် ပြိုလဲပျက်ဆီးဆုံးရှုံးသွားတဲ့ သာသနာ့ဝံသီကျောင်းနဲ့ ဓမ္မရွှေပြည်ချောင်ကျောင်းတိုက်က ဆရာလေးတွေအတွက် ယာယီကျောင်းဆောင်တဲကို ကိုယ့်ရဲ့ကာယအားနဲ့ လိုက်လံ ကိုယ်ထိလက်ရောက်လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။



“အကို့ အသက်အရွယ်တစ်လျှောက်မှာ တစ်ခါမှမမြင်ဖူးတဲ့ ငလျင်ပေါ့နော်။ ရေကြီးတာ မီးဘေးအနည်းငယ်ကြုံဖူးပေမယ့် ငလျင်ကတော်တော်ကြီး ပြင်းထန်တာပါ။ ဆုံးရှုံးမှုတွေများလို့လေ Facebook တောင် တော်ရုံမကြည့်ဖြစ်ဘူး။ စိတ်မကောင်းလို့လေ။ ကိုယ်နိုင်တဲ့ဘက်က ထောက်ပို့ကယ်ဆယ်လုပ်ရမယ့် သတင်းတွေဖတ်ကြည့်ဖြစ်တယ်။ ဆရာတော်တွေနဲ့ ဆက်သွယ်ပြီး လှူဖြစ်နေပါတယ်။ တွေ့ရမြင်ရတာတွေ ဖတ်ပြီး ရင်ထဲမကောင်းလို့ပါ။ ကိုယ့်အသက်ရှင်တုန်းလေး နိုင်သလောက်လေး ပါဝင်လှူဖြစ်တယ်။ ကိုယ်တစ်ယောက်ထဲလည်း ငွေကြေးမတတ်နိုင်လို့ အကုန်ဝိုင်းလှူကြတယ်။ ကိုယ့်ကာယအားနဲ့ အလှူငွေတွေ ငလျင်နဲ့ပတ်သက်ပြီး ၃ ရက်လောက် လိုက်လံကောက်ထားတယ်။ ပိုက်ဆံနဲ့ တခြားသူတွေ ပို့ဆောင်လှူတာတွေနဲ့ကို လိုက်လံလှူနေတာပါ။ အားတင်းထားပါ ပြောဖို့ကို ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ ဘယ်သောအခါမှ ကပ်သုံးပါးနဲ့ မကြုံပါစေလို့ ဆုတောင်းချင်ပါတယ်။ အားလုံး ဘေးကင်းကြပါစေ”လို့ သရုပ်ဆောင် ဇွဲနိုင်ဝင်းက ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုကိုတော့ ပုဂံဆရာတော်ထံက မျိုးဆက်သစ်ဆရာတော် အရှင်ကုမာရ လာရောက်လှူဒါန်းပေးတဲ့ ဆန်အိတ်နဲ့ ဆေးဝါးတွေကို လိုအပ်တဲ့နေရာတွေကို ပြန်လည်ပေးအပ်လှူဒါန်းနေတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် ဇွဲနိုင်ဝင်းက ယခင်နေ့ကလည်း ငလျင်ဘေးကို ကိုယ်တိုင် မခံစားရပေမယ့် ကိုယ်ချင်းစာတဲ့အနေနဲ့ အင်္ကျီတွေ၊ အစားအသောက်တွေ အားလုံးပေါင်း သိန်း ၈၀ ဖိုးလောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။