
MT News
၇.၄. ၂၀၂၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Under-Secretary-General Mr. Tom Fletcher ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။


ထိုသို့ တွေ့ဆုံစဉ် Mr. Tom Fletcher က ငလျင်ဘေးသင့်ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာမှ ယခုအချိန်အထိ လှူဒါန်းရန် ကတိပြုငွေ အမေရိကန် ဒေါ်လာ ၉၃ သန်း ရရှိထားပါကြောင်း၊ ကုလသမဂ္ဂ၏ အရေးပေါ်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၅ သန်းအား အသုံးပြုသွားမည်ဖြစ်ပါကြောင်းနှင့် ယင်းတို့ကို အသုံးပြု၍ အကူအညီပေးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် ကုလသမဂ္ဂဝန်ထမ်းများကို စေလွှတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ နှစ်ဖက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ရန်ကုန်မြို့အခြေစိုက် UNOCHA ရုံး၏ အကြီးအကဲတို့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်ဖက်ကိုယ်စားလှယ်များသည် ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးရမှုများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် ၁ မိနစ် ငြိမ်သက်ခဲ့ကြကြောင်းသိရှိရသည်။