
MT News
၇.၄.၂၀၂၅
အပ်ကြောင်းထပ်နေသည့် တစ်ဖက်သတ် ပြစ်တင်ဝေဖန်မှုများကိုသာ ဆက်လုပ်နေမည့်အစား မြန်မာနိုင်ငံ၏ သဘာဝဘေးတုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ကူညီပံ့ပိုးပေးရန်နှင့် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိရန်ပါ ကုလသမဂ္ဂကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက
တိုက်တွန်းလိုက်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၄-၂-၂ဝ၂၅ ရက်မှ ၄-၄-၂၀၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဆိုသူတို့၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများ အပေါ်အနှစ်သာရကင်းသည့် အပြန်အလှန် ဆွေးနွေးမှုများကို ၃-၃-၂၀၂၅ ရက် နှင့် ၂၀-၃-၂၀၂၅ ရက်တို့တွင် အသီးသီး ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဥရောပသမဂ္ဂက တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို ၃-၄-၂၀၂၅ ရက်တွင် သက်ဆိုင်ရာနိုင်ငံကို ချန်လှပ်၍ ဘုံသဘောတူညီချက်မရှိဘဲ အတည်ပြုချမှတ်ခဲ့ခြင်းမှာ အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှု၏ အခြေခံသဘောတရားကို သေးသိမ်စေသည်။

မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်၌ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော် သေဆုံးကာ အခြေခံအဆောက်အအုံများ ဆိုးရွားစွာပျက်စီးခဲ့သည်။ ယင်းနေ့တွင်ပင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြင်းထန်စွာထိခိုက်ခဲ့သည့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ ငလျင်ဘေးသင့်နေရာများကို အရေးပေါ် အခြေအနေကြေညာခဲ့ပြီး ကူညီပံ့ပိုးလိုသည့် မည်သည့်အဖွဲ့အစည်းကိုမဆို အထောက်အပံ့များပေးအပ်ရန် ဖိတ်ခေါ်ခဲ့သည်။ အဖွဲ့ဝင် ၄၃ ဦး ပါဝင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် အရေးပေါ်တုံ့ပြန်မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစီးလုပ်ဆောင်လျက်ရှိသည်။

အဆိုပါ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဘေး ဒဏ်သင့်နေရာများသို့ အစားအစာများ၊ ဆေးဘက်ဆိုင်ရာ အကူအညီများပေးခြင်းနှင့် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများပေးခြင်းတို့အပါအဝင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘော ဆောင်သည့် ထိတွေ့ဆောင်ရွက်မှုများနှင့် ပံ့ပိုးမှုများကို ကြိုဆိုသည်။
အရေးပေါ်ကာလတွင် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရှိကြောင်းပြသ၍ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည့် ကုလသမဂ္ဂအေဂျင်စီများအပါအဝင် နိုင်ငံများနှင့် အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။ ထိုသို့ အားပေးသည့် အပြုအမူများမှာ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပြသရာရောက်သည်။
ယခုကဲ့သို့ သဘာဝဘေးနှင့် ကြုံတွေ့နေရချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အချို့နိုင်ငံများ၏ အပ်ကြောင်း ထပ်နေသော ပြစ်တင်ဝေဖန်မှုများကို ဆက်လက်ရင်ဆိုင်နေရသည်မှာ လွန်စွာဝမ်းနည်းဖွယ်ဖြစ်သည်။ ယခုအချိန်တွင် မြန်မာပြည်သူများ အမှန်တကယ်လိုအပ်သည်မှာ ကူညီဖေးမမှု၊ အကူအညီ၊ အပြုသဘော ဆောင်သည့် ထိတွေ့ဆောင်ရွက်မှုနှင့် တစ်သားတည်းဖြစ်မှုတို့သာဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေသော နိုင်ငံရေးသွတ်သွင်းသည့် ဆုံးဖြတ်ချက်အဆိုကို အလိုမရှိပါ။
မြန်မာနိုင်ငံအနေဖြင့် ဆယ်စုနှစ် ၃ ခုကျော်ကြာပြီဖြစ်သည့် အထူးအစီရင်ခံစာတင်သွင်းသူကဲ့သို့သော လက်တွေ့တန်ဖိုးကင်းမဲ့ပြီး ထိရောက်မှုမရှိသည့်လုပ်ပိုင်ခွင့်များကို အဆုံးသတ်ရန် ကုလသမဂ္ဂအား တိုက်တွန်းသည်။
ယခုကဲ့သို့ သဘာဝဘေးကြောင့် အခက်အခဲများကြုံတွေ့နေရသည့်ကာလတွင် မျှတ၍ လက်တွေ့ ဆန်သောချဉ်းကပ်မှုဖြင့် မြန်မာနိုင်ငံ၏သဘာဝဘေးတုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ကူညီပံ့ပိုးရန်နှင့် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိရန်လည်း ကုလသမဂ္ဂကို တိုက်တွန်းသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။