MT News
Written by Nay Aung
တူရကီနိုင်ငံသားများအနေဖြင့် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကိစ္စများမှလွဲပြီး မြန်မာနိုင်ငံသို့ ခရီးသွားရောက်ခြင်းရှောင်ရှားသင့်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင်အရေးအပေါ် အခြေနေထုတ်ပြန်ထားမှုများ ဆက်လက်ရှိနေသည့်အပြင် ပဋိပက္ခများ၊ ဆန္ဒပြမှုများရှိနေသလို ပြန်ပေးဆွဲမှုများ ဖြစ်ပွားမှု မြင့်တက်နေဆဲဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးသည်။
အင်တာနက်မှတစ်ဆင့် တူရကီနိုင်ငံသားများကို အလုပ်အကိုင်အခွင့်လမ်းကောင်းများရရှိမည်ဟု ကတိပေးပြီး မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ လူအုပ်စု သို့မဟုတ် လူပုဂ္ဂိုလ်အချို့က မက်လုံးပေးလှည့်ဖြားမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့တရားမဝင်လာရောက်ရန်ခေါ်ဆောင်ကာ ဖမ်းဆီးထိန်းသိမ်းပြီး ပြန်ပေးငွေတောင်းခံမှုများလည်း ရှိနေကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တူရကီနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံတွင် အလားအလာရှိသောအလုပ်များကို လက်ခံမည်ဆိုပါက ကုမ္မဏီနှင့်ပတ်သက်ပြီး အသေးစိတ်လေ့လာရမည် ဖြစ်သလို မြန်မာနိုင်ငံရှိ တူရကီသံရုံး၊ အိမ်နီးချင်းနိုင်ငံများရှိတူရကီသံရုံးများနှင့်လည်း ဆက်သွယ်ရမည်ဖြစ်ကြောင်း ဆိုထားသည်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ” မြန်မာနိုင်ငံမှာ အရေးအပေါ်အခြေနေ ထုတ်ပြန်ထားမှုတွေ ဆက်လက်ရှိနေတဲ့အပြင် ပဋိပက္ခတွေ၊ ဆန္ဒပြမှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် တူရကီနိုင်ငံသားများဟာ မဖြစ်မနေသွားရောက်ရမဲ့ကိစ္စကလွဲပြီး မြန်မာနိုင်ငံကို ခရီးသွားရောက်တာကို ရှောင်သင့်တယ်။ တူရကီနိုင်ငံသားတွေဟာ လိုအပ်မှုရှိလာမယ်ဆိုရင် လုံခြုံရေးအခြေနေနဲ့ပတ်သက်ပြီး တူရကီသံရုံးနဲ့ ဆက်သွယ်သင့်တယ်။ တူရကီနိုင်ငံသားတွေဟာ အခြေအနေအရပ်ရပ်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးကို သတိထားရမှာဖြစ်တယ်။” ဟုသတိပေးချက်ထုတ်ပြန်ထားသည်။
ref ntv