သယ်ဆောင်လာသည့် ကူညီကယ်ဆယ်ရေးပစ္စည်း တန် ၃၀ ခန့်ကို မြန်မာအာဏာပိုင်များထံ လွှဲပြောင်း

၆. ၄. ၂၀၂၅
Written by Tha Doe
အမေရိကန်နိုင်ငံက မြန်မာ့ငလျင်ဘေး ကူညီပေးရန် ဒေါ်လာ ၇ သန်းကို ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုမည်ဟု ကြေညာလိုက်သလို အမေရိကန်က ပေးပို့သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများလည်း ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်၏ ဘေးအန္တရယ်ကျွမ်းကျင်ပညာရှင်များ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ
မြန်မာနိုင်ငံအတွင်းမှ ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းများကို ပံ့ပိုးကူညီရန် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၇သန်းခန့်ကို ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ရာမတ်လ ၃၁ ရက်တွင် ကြေညာခဲ့သည့် အမေရိကန်ဒေါ်လာ ၂သန်း နှင့် ယခုထပ်လောင်းပေးအပ်မည့် အထောက်အပံ့များမှတစ်ဆင့် ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ နှင့် သောက်သုံးရေတို့ကို ပေးအပ်သွားမည်ဖြစ်သဖြင့် အမေရိကန်၏ ပံ့ပိုးမှုမှာ ဒေါ်လာ ၉ သန်းဖိုးဖြစ်လာခဲ့သည်။

ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမေရိကန်နိုင်ငံက ထောက်ပံ့ လှူဒါန်းသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများမှာ အမေရိကန်အစိုးရလက်အောက်ခံ USAID နှင့် တွဲဖက်လုပ်ကိုင်လေ့ရှိသည့် Samaritan’s Purse အဖွဲ့ပိုင် D 8 လေယာဥ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ သယ်ယူလာမှုများတွင် ထောက်ကူပစ္စည်းများအပြင် ခွဲစိတ်ခန်း နှစ်ခန်း၊ အရေးပေါ်ခန်း၊ အတွင်းလူနာဆောင်များ၊ ဆေးဝါးနှင့် ဓာတ်ခွဲခန်းတို့ ပါဝင်သည့် အရေးပေါ် ရွေ့လျား ကွင်းဆင်းဆေးရုံလည်း ပါဝင်လာခဲ့သည်။

အဆိုပါ အကူအညီများပေးပို့မှုအပေါ် Samaritan’s Purse အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Mr.Nick Bechert က “ဒီနေ့ပါလာတဲ့ပစ္စည်းတွေက တန် ၃၀ လောက် ရှိတယ်။ အဓိက ကတော့ Field Hospital ပေါ့။ ကွင်းထဲမှာ ဆေးရုံကို မြန်နိုင်သမျှ အမြန်ဆုံးဆောက်မယ်။ ခွဲစိတ်ခန်းနှစ်ခုပါမယ်။ အဓိက ကတော့ ဟိုမှာလိုနေတဲ့ ငလျင်နဲ့ပတ်သက်တဲ့ ကုသမှုတွေကို အမြန်ဆုံးလုပ်ပေးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့သူတွေ ပါပါတယ်။ ခွဲစိတ်ဆရာဝန်တွေပါပါတယ်။ ဆရာဝန်တွေ၊ ကျွမ်းကျင်တဲ့ သူနာပြုတွေပါတယ်။ သူတို့တွေက အတွေ့အကြုံအများကြီးရှိတဲ့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်နေတဲ့ ကျွမ်းကျင်ပညာရှင်တွေဖြစ်တယ်။ ပြီးတော့ ဒါက ပထမဆုံးအသုတ်ဖြစ်ပြီး အများကြီးထပ်လာဦးမယ်။ မြန်မာနိုင်ငံအတွက်ကို လိုအပ်မှုကိုလည်းမြင်တယ်။ ကူလည်း ကူညီချင်တယ်။ လိုအပ်မှုတွေအပေါ်လိုက်ပြီး ထပ်လာကြမယ့်သူတွေလည်း အများကြီးရှိတယ်။ လာတဲ့သူတွေကလည်း အဓိကကျတဲ့ကူညီကယ်ဆယ်ရေးကိစ္စတွေကို လုပ်ဆောင်ကြမယ်။ အဓိကလိုအပ်တာတွေက ဆေး၊ ဆေးပစ္စည်း၊ ကျွမ်းကျင်သူတွေနဲ့ ရေလိုအပ်ချက်ပါ။ ဒါတွေအတွက် ကျွမ်းကျင်သူတွေ ပါလာပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကစ လိုက်ပါချင်သူတွေကို စည်းရုံးပြီးတော့ ပူးပေါင်းစေလွှတ်တယ်”ဟု ပြောသည်။
နာဂစ်ကတည်းက မြန်မာနိုင်ငံကို ကူညီနေသည့် Samaritan’s Purse အဖွဲ့သည် လက်ရှိငလျင်အရေးအတွက် အဓိက ကူညီမည်ဖြစ်ပြီး ဆက်လာမည့် ကူညီကယ်ဆယ်ရေးလေယာဥ်များနှင့် ကျွမ်းကျင်ပညာရှင်များသည် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ကွပ်ကဲ ထိန်းကျောင်းမှုအောက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက် လုပ်ကိုင်သွားမည်ဟုလည်း Mr.Nick Bechert က ဆက်လက်ပြောသည်။
Samaritan’s Purse အဖွဲ့ သယ်ဆောင်လာသည့် ဆေးဝါးပစ္စည်းများနှင့် ကွင်းဆင်းဆေးရုံ၏ ပထမအသုတ်တွင် ဆရာဝန်များနှင့် သူနာပြုများအပါအဝင် ဘေးအန္တရာယ် တုံ့ပြန်ရေး ကျွမ်းကျင်သူ ၂၅ ဦးလည်း ပါဝင်လာပြီး လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင် လုပ်ဆောင်နေကြပြီဖြစ်သည်။