၆.၄. ၂၀၂၅
Written by Nay Moe

ငလျင်ဘေး ကူညီကယ်ဆယ်ဖို့ NUG က အပစ်ရပ်မယ်ကြေညာထားပေမဲ့လည်း မြင်းခြံ PDF အဖွဲ့ဖြစ်တဲ့ Myingyan Black Tiger အဖွဲ့က မလိုက်နာဘဲ ပြည်သူတွေကို ကုသမှုပေးနေတဲ့ ဆီးမီးခုံမြို့ဆေးရုံကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက် ဗုံးကြဲလိုက်လို့ အဲဒီ တိုက်ခိုက်မှုအတွင်း ဆေးရုံကိုလုံခြုံရေးယူပေးတဲ့ တပ်မတော်သားသုံးဦးသေဆုံးတယ်လို့ ဧပြီ ၆ ရက် ညနေပိုင်းက ဝန်ခံချက် ထုတ်ပြန်လာပါတယ်။
မန္တလေးဒေသကြီး၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ရှိ ဆေးရုံအတွင်း အထိုင်ချတပ်ဆွဲထားတဲ့တပ်သားတွေကို ဧပြီလ(၁ )ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ Myingyan Black Tiger (MBT)တပ်ဖွဲ့က လက်ပစ်ဗုံးတွေနဲ့ အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာမှာ တပ်သား (၃) ဦးသေဆုံးပြီး ထိခိုက်မှုအချို့ ရှိခဲ့သလို ရန်သူရဲ့ထပ်လောင်းသေဆုံးနိုင်မှုနဲ့ ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ကို မိမိတို့ MBT တပ်ဖွဲ့က ဆက်လက်ဆုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း ကျူးလွန်တဲ့ မြင်းခြံ PDF တို့က ထုတ်ပြန်ခဲ့သေးတာပါ။
မတ်လ ၂၈ ရက်က ဖြစ်ပွားပြီး လူထောင်ချီသေဆုံးခဲ့သလို လမ်းတံတား၊ အဆောက်အအုံ ထောင်ချီပျက်စီးခဲ့တဲ့ စစ်ကိုင်းငလျင်ဘေးကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ခုခံကာကွယ်စစ်ကလွဲလို့ ထိုးစစ်အားလုံး ရက်သတ္တနှစ်ပတ်ကြာ (မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားဖို့ မတ်လ ၂၉ ရက်မှာ NUG က အထူးညွှန်ကြားချက်(၂/၂၀၂၅) နဲ့ ထုတ်ပြန်တားမြစ်ခဲ့တာပါ။
ဒါပေမဲ့လည်း NUG ဩဇာခံ PDF တွေက NUG ရဲ့ ထုတ်ပြန်ချက်လည်း မလိုက်နာ၊ ပြည်သူတွေ လက်ရှိ အဓိကလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားရရှိရေးမှာ အဓိကကဏ္ဍကနေ ပါဝင်တဲ့ လျှပ်စစ်ဓာတ်အားခွဲရုံကိုပါ ဆက်လက် ဖျက်ဆီး တိုက်ခိုက်နေခဲ့တာ မြင်ခဲ့ရပြီး မတ်လ ၃၁ ရက် နံနက် ၆ နာရီခန့်မှာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ အနောက်မြောက်ဘက် မီတာ ၅၅၀၀ ခန့်အကွာ တညောင်ဓာတ်အားခွဲရုံစက်ရုံကို စလင်း PDF တွေ လာတိုက်ခိုက်ခဲ့သလို အဲဒီ နေ့လယ် ၂ နာရီ မိနစ် ၂၀ ခန့်မှာလည်း ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းရွာ အထိုင်စခန်းက ထွက်ခွာလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တည်ပင်ကြောလမ်းခွမှ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDF တပ်ရင်း တပ်ခွဲ (၄) နဲ့ တပ်ခွဲ (၅) တို့အတူပူးပေါင်းပြီး မိုင်း (၃)ကြိမ်ဆွဲတိုက်ခိုက်လို့ ၂ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးပြီး (၃) ဦးဒဏ်ရာရရှိသွားကြောင်းလည်း ထုတ်ပြန်ခဲ့ကြသေးတာပါ။ ဒါ့အပြင် ကူညီကယ်ဆယ်ရေးယာဥ်တွေကိုလည်း တိုက်ခိုက်လုယက်မှု ဆက်လက်ပြုလုပ်နေကြတယ်လို့လည်း SAC က ထုတ်ပြန်ထားပါတယ်။
NUG ထုတ်ပြန်ချက်မလိုက်နာတဲ့ ရေးဘီလူး PDF အဖွဲ့က NUG အပစ်ရပ်ဖို့ ထုတ်ပြန်ပြီး ၂ ရက်အကြာ ဧပြီ ၁ ရက် မနက် ၈ နာရီမှာ မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာက ပြည်သူစစ်ခေါင်းဆောင်ဆိုသူ ဦးအေးမောင်ကို ကျောင်းရွာကျေးရွာထဲက လက်ဖက်ရည်ဆိုင် တစ်ခုမှာ သတ်ဖြတ်လိုက်တာပါ။ ဒါ့အပြင် NUG အပစ်ရပ်ပြီး သုံးရက်အကြာ ဧပြီ ၂ ရက်မှာတော့ NUG ညွှန်ကြားချက်ကို ချိုးဖျက်ပြီးပါ အပစ်ရပ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့တာပါ။
NUG လက်အောက်ခံ ရေးဘီးလူး PDF အဖွဲ့ဟာ မနှစ်က ဇွန်လအတွင်းမှာလည်း ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာက ဦးဇံမင်းဆိုသူကို ဖမ်းဆီးပြီး ရေးဘီလူးကိုယ်တိုင် လည်ပင်းခုတ်ဖြတ် သတ်ဖြတ်တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးနောက်မှာ NUG က ရေးဘီးလူးကို ခုံရုံးတင်ဖို့ကြိုးစားပေမဲ့ ပြည်ပထွက်ပြေးပြီးမှ အမိန့်ထိုင်ပေးနေတဲ့ NUG ရဲ့ စစ်ခုံရုံးကို လက်နက်ကိုင် ရေးဘီလူးက မထီမဲ့မြင်ပြုထားတာကြောင့် NUG ဟာ ရေးဘီလူးရဲ့ စစ်ရာဇဝတ်မှုကို အခုထိ အရေးမယူနိုင်သေးပါဘူး။