







၆. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့သည်။
SAC ဥက္ကဋ္ဌသည် ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်အဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital သို့ ရောက်ရှိကြရာ အဖွဲ့ခေါင်းဆောင် Lt. Col Jagneet Gill နှင့် တာဝန်ရှိသူများက ဆေးကုသမှုဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌက ဆေးကုသမှုခံယူနေသူများကို တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ကူညီကယ်ဆယ်မှုများနှင့် ဆေးကုသပေးမှုများ လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော် ဆေးကုသရေးအဖွဲ့များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ပြီး SAC ဥက္ကဋ္ဌက အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြီး မင်္ဂလာမန္တလေးဟိုတယ်ရှေ့၌ ယာယီအခြေပြု၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် တရုတ်နိုင်ငံ China Search and Rescue ကူညီကယ်ဆယ်ရေးအဖွဲ့အား သွားရောက်တွေ့ဆုံရာ အဖွဲ့ခေါင်းဆောင် Mr. Kyauk Me က ရှင်းလင်းပြခဲ့ပြီး SAC ဥက္ကဋ္ဌက ယခုကဲ့သို့ လာရောက်ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ရရှိခဲ့သည့် ကူညီကယ်ဆယ်ရေးအတွေ့အကြုံများကိုလည်း မျှဝေပေးသွားစေလိုပြီး မိမိတို့အနေဖြင့် ယခုဖြစ်စဉ်ဖြစ်ရပ်အပေါ် သင်ခန်းစာ ယူ၍ နောင်တွင် ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်များအပေါ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား ဆက်လက်သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးဇူးတင်စကားများကို ပြောကြားကာ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် မန္တလာသီရိအားကစားကွင်းသို့ ရောက်ရှိကြပြီး အားကစားကွင်းနေရာတွင် ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည့် ရုရှားနိုင်ငံမှ Major General Sergey Voroutsov ဦးဆောင်သော ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများပြောကြားခဲ့ပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ရာ အဖွဲ့ခေါင်းဆောင်က လက်ခံရယူခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် အဆိုပါ အားကစားကွင်းအတွင်း ယာယီအခြေပြု၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသည့် ဘယ်လာရုစ်နိုင်ငံမှ Col. Eagle ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများပြောကြားခဲ့ပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ရာ အဖွဲ့ခေါင်းဆောင်နှင့်တာဝန်ရှိသူများက လက်ခံရယူပြီး အမှတ်တရလက်ဆောင် ပစ္စည်း ပြန်လည်ပေးအပ်ကာ အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းကဲ့သို့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များအား တွေ့ဆုံပြီးနောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုပြီးနောက် ငလျင်ဘေးဒဏ်ကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူများလှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငလျင်လှုပ်ခတ်စဉ် ကွာကျခဲ့ရသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။