Kiran Verma ၏ ရေးသားချက်အပေါ် အရေးယူပေးရန် မြန်မာနိုင်ငံသားတစ်ဦးက အိန္ဒိယသံရုံးနှင့် ပြည်ပရေးရာဝန်ကြီးထံ စာပို့တိုင်ကြား

ဖြိုးဝေ
၆. ၄. ၂၀၂၅
၁။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီးအပြီးမှာ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒရာ မိုဒီဟာ SAC ဥက္ကဋ္ဌကို ကိုယ်တိုင်ဖုန်းဆက်ပြီး အိန္ဒိယနိုင်ငံသားအားလုံးက ဒီဖြစ်ရပ်ဆိုးအတွက် ဝမ်းနည်းကြောင်း၊ လိုအပ်တာတွေ ကူညီပေးမှာဖြစ်ကြောင်း ပထမဆုံး ဆက်သွယ်ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာ အိန္ဒိယဝန်ကြီးချုပ်ဟာ နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ပေးထားတဲ့ ကတိတည်စွာနဲ့ မြန်မာ့ငလျင်ဘေးကို ပထမဆုံးအဖြစ် အဆောတလျဉ်ကူညီခဲ့ရာမှာ သာမန်ကူညီတာမျိုးမဟုတ်ဘဲနဲ့ ဗြဟ္မာစီမံချက်လို့ အမည်တပ်ပြီး စစ်ဆင်ရေးတစ်ခုသဖွယ် အကြီးအကျယ် ကူညီကယ်ဆယ်မှု ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာ့ငလျင်ဘေးအတွက် ကူညီကယ်ဆယ်တဲ့ ဒီဖြစ်ရပ်မှာဆိုရင် Operation Brahma (ဗြဟ္မာစီမံချက်)ကို ၁၂ နာရီအတွင်း စတင် ဆောင်ရွက်ခဲ့ပြီး ကူညီကယ်ဆယ်ရေး ထောက်ကူပစ္စည်းတွေအဖြစ် ဧပြီ ၁ ရက်နေ့အထိ ကုန်တင်လေယာဉ် ၆ စီးနဲ့ အိန္ဒိယရေတပ် သင်္ဘော ၅ စင်းတို့ကနေ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး (HADR) ပစ္စည်း စုစုပေါင်း တန်ချိန် ၆၂၅ မက်ထရစ်တန်တို့ကို ပိုဆောင်ပေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယရေတပ်သင်္ဘော INS Gharial ဟာ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ Visakhapatnam ဆိပ်ကမ်းကနေ ရန်ကုန်ကို ထွက်ခွာခဲ့ရာမှာ ဆန် ၄၀၅ မက်ထရစ်တန်၊ ဟင်းချက်ဆီ ၃၀ မက်ထရစ်တန်၊ ဘီစကွတ် မက်ထရစ်တန် ၅ တန်နဲ့ အသင့်စားခေါက်ဆွဲခြောက် မက်ထရစ်တန် ၂ တန် အပါအဝင် စားနပ်ရိက္ခာအကူအညီ ၄၄၂ မက်ထရစ်တန်ကို တင်ဆောင်လာခဲ့တာ မနေ့က ရန်ကုန်ရောက်လာပြီး မြန်မာအာဏာပိုင်တွေကို ထောက်ကူပစ္စည်းတွေ ပေးအပ်လိုက်ပြီဖြစ်ပါတယ်။
မြေပြင်မှာဆိုရင်လည်း အိန္ဒိယနိုင်ငံရဲ့ အမျိုးသား သဘာ၀ဘေးအန္တရာယ်တုံ့ပြန်ရေးအင်အားစုတွေဖြစ်တဲ့ National Disaster Response Force အင်အား ၁၅၀ ခန့်ပါဝင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ဆေးအဖွဲ့တွေနဲ့ နည်းပညာတွေပါသုံးပြီး ယာယီခိုလှုံရေးစခန်းတွေ၊ ရွေ့လျားဆေးခန်းတွေနဲ့ အင်အားအလုံးအရင်းနဲ့ကို ကူညီကယ်ဆယ်ခဲ့တာဖြစ်ပြီး ဒီကယ်ဆယ်ရေးစီမံချက် ဒေါ်လာ ၁၅ သန်းလောက် သုံးစွဲခဲ့ရတာမို့ မြန်မာနိုင်ငံကို ကူညီပေးတဲ့နိုင်ငံတွေထဲ အများဆုံးကူညီကယ်ဆယ်တဲ့နိုင်ငံကြီးလို့လည်း ပြောရမှာဖြစ်သလို အိန္ဒိယနိုင်ငံကိုယ်တိုင်ကလည်း ဒီကူညီမှုဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိမ်နီးချင်းဦးစားပေးမူဝါဒအတွက် အဓိကမိတ်ဖက်ဖြစ်တဲ့ မြန်မာနိုင်ငံကို ကူညီမှုပါ။

၂။
ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံရဲ့ မြန်မာ့ငလျင်ဘေးအပေါ် ကြီးမားတဲ့ ကူညီကယ်ဆယ်မှုကို မှေးမှိန်စေတဲ့လုပ်ရပ်တစ်ခု ဧပြီ ၂ ရက်မှာ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ မြန်မာငလျင်ဘေးကို လာကြည့်တဲ့ Kiran Verma (Kiran Varma) ဆိုသူ အိန္ဒိယ Youtuber တစ်ယောက်က လူမှုကွန်ရက်မှာ တင်လာတဲ့ ပို့စ်အနည်းငယ်ကြောင့်ပါ။ မြန်မာ့ငလျင်ဘေးအကြောင်းကို ကြားသိလိုက်ရချိန်မှာ Facebook တို့ Youtube တို့ကနေ ငွေရှာချင်ပေမဲ့ အောင်မြင်မှုမရတဲ့ Kiran Verma ဟာ ငွေအနည်းငယ်ရှာဖွေပြီး ဧပြီ ၁ ရက်မှာ မြန်မာနိုင်ငံကိုရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းအသွင်နဲ့ ဘယ်သူ့ကိုမှ တစ်ရူပီးမပေး၊ စားစရာတစ်ခု မျှဝေတာ မတွေ့ရဘဲ Facebook နဲ့ Youtube အတွက် ကုန်ကြမ်းတွေစုဆောင်းကာ မြန်မာပြည်ကနေ ချက်ချင်းထွက်ခွာသွားပါတော့တယ်။
Kiran Verma ဟာ အိန္ဒိယမှာ ဆင်းရဲသားတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ၁၀ ရူပီးနဲ့ ကြိုက်သလောက်အဝစားဆိုင် Change With One Meal ထူထောင်သူပါ။ တစ်ဖက်မှာလည်း သူက Simply Blood ဆိုတဲ့ သွေးလှူဒါန်းမှုအဖွဲ့အစည်းလေးရဲ့ တည်ထောင်သူဖြစ်ပြီးတော့ သူ့လှုပ်ရှားမှုတွေကို ငွေရတဲ့ Youtube မှာ မူဗီ ၃၂၂ ခု တင်ထားပေမဲ့ မအောင်မြင်တဲ့ Youtuber ဖြစ်ပြီး Subscribers ၃၅၀၀ တောင် မရှိသူပါ။ ဒါကြောင့် သူမျှော်မှန်းပုံရတဲ့ Youttube ဝင်ငွေ လစဉ်ဒေါ်လာ ထောင်သောင်းချီ ရမနေသလို သူ့ Facebook ပို့စ်တွေကလည်း Like ၁၀၀ လောက်နဲ့ လည်ပတ်နေရတဲ့ အဆင့်လောက်ပါ။ ဒီအခြေအနေကနေ လွန်မြောက်ပြီး သူ Youtube နဲ့ Facebook ကနေ ဒေါ်လာ ထောင်သောင်းချီ လစဉ်ရဖို့ အကဲဆတ်တဲ့ မြန်မာနိုင်ငံနဲ့ အန္တရာယ်ကြီးမားတဲ့ မြန်မာ့ငလျင်ဘေးကို ခုတုံးလုပ်လိုက်ချိန်မှာတော့ သူ Facebook ဟာ တစ်ခါမှမရစဖူး Post Like 34 K အထိ ရပြီး သူ့ Page ထူထောင်ထားတဲ့ ၁၀ နှစ်တာကာလမှာ ရထားတဲ့ Page Followers 34 K ကို ပို့စ်တစ်ခုမှာ ရသွားတဲ့အထိ အောင်မြင်သွားပါတယ်။
Youtube နဲ့ Facebook ကနေ ငွေရှာချင်တာကြောင့် သူ Half Truth နဲ့ တင်လိုက်တဲ့ ပို့စ်က Like 34 K ရသွားပေမဲ့ သူရေးလိုက်တဲ့ ပို့စ်က အိန္ဒိယနိုင်ငံရဲ့ ဗြဟ္မာစီမံချက်ကို ထိခိုက်စေခဲ့သလို အမုန်းတရားကြီးမားလှတဲ့ ပြည်ပရောက် Exile Media တွေက လိုတာထက် ပိုအကဲဆတ် ရေးလိုက်တဲ့အချိန်မှာ ဆင်ခြင်တုံတရားအားနည်းတဲ့ မြန်မာပြည်သူလူထုတချို့က အိန္ဒိယ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက တပ်မတော်ကြောင့် ပြည်ပ ပြန်ထွက်သွားပြီလို့ ထင်ကုန်ကြတဲ့အထိကို ဆိုးရွားသွားခဲ့ပါတယ်။
Kiran Verma ရေးခဲ့တဲ့အထဲမှာ သူ့အမြင်နဲ့ရေးသားမှုကို ပုံကြီးချဲ့သူတွေဟာ လိုရာဆွဲပြီး ‘သေနတ်ပြောင်းတွေရှေ့ ကယ်ဆယ်ရေးမလုပ်နိုင်ကြောင်း’၊ ‘စစ်တပ်အနေနဲ့ နိုင်ငံရဲ့ အဆိုးဆုံးအချိန်မှာ ကိုယ်ချင်းစာနာစိတ်မရှိရင်တောင် လူစိတ်နည်းနည်းလောက်ရှိသေးတယ်ဆိုတာ ပြသဖို့မျှော်လင့်ကြောင်း’၊ ပြိုကျနေတဲ့ အဆောက်အအုံတွေနဲ့ အပြစ်မဲ့ရုပ်အလောင်းတွေက ထွက်ရှိတဲ့ သေဆုံးဒီမိုကရေစီရဲ့ အနံ့အသက်ကို သည်းမခံနိုင်ကြောင်း’၊ အာရှရဲ့ စပါးကျီဖြစ်တဲ့ နိုင်ငံဟာ သေနတ်ထောက် ချုပ်ကိုင်ခံနေရပြီး ငွေမည်းတွေနဲ့ လွှမ်းခြုံထားကြောင်း’ စသလို ရေးသားမှုတွေကို အထအနကောက် ဖော်ပြခဲ့တာပါ။
Kiran Verma က Youtube နဲ့ Facebook ကနေ ငွေရှာနိုင်ဖို့ သူချနင်းလိုက်တဲ့အထဲမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားက ချစ်ကြည်မှုတွေ၊ ဒေါ်လာသန်းပေါင်းများစွာအသုံးပြုပြီး အကြီးမားဆုံးကယ်ဆယ်ရေးလုပ်ပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ သိက္ခာတွေ ပါသွားခဲ့တာ သိပုံလည်း မရခဲ့ပါဘူး။
တကယ့်တကယ်မှာလည်း Kiran Verma ဟာ မြန်မာနိုင်ငံအကြောင်းကို သေချာ မသိခဲ့ဘဲ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့်သာ ရောက်လာခဲ့တာလို့ ဝန်ခံခဲ့သလို သူ့ရေးသားချက်က သက်ရောက်မှုကြီးမားသွားတယ်လို့ သူနားလည်ချိန်မှာ အရာရာက နှောင်းခဲ့ပါပြီ။

၃။
ကယ်ဆယ်ရေးသမားလည်း မဟုတ်၊ ကယ်ဆယ်ရေးအတွက် အိန္ဒိယနိုင်ငံက စေလွှတ်သူလည်းမဟုတ်၊ အဖွဲ့အစည်းနဲ့လည်း ကယ်ဆယ်သူမဟုတ်၊ တစ်သီးပုဂ္ဂလကယ်ဆယ်သူလည်းမဟုတ်တဲ့ Kiran Verma ရဲ့ ရေးသားချက်ဟာ ဆိုးဆိုးရွားရွားပုံစံနဲ့ ပျံ့နှံ့သွားချိန်၊ မြန်မာ့ငလျင်ဘေးကို တစ်ဦးတည်းလာကြည့်တဲ့ အိန္ဒိယ Youtuber က ကယ်ဆယ်ရေးတစ်ခုမှ မလုပ်ဘဲ သေနတ်ပြောင်းရှေ့ ကယ်ဆယ်ရေးမလုပ်လိုတဲ့အတွက် နေရပ်ပြန်သွားတယ်လို့ Exile Media တွေ မှားယွင်း သတင်းလွှင့်မှုဟာ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးနဲ့ ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အိန္ဒိယကယ်ဆယ်ရေးအဖွဲ့အပေါ် အထင်အမြင်မှားစေနိုင်တာကြောင့် တားမြစ်ပေးဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးထံ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်စေလိုတဲ့ မြန်မာနိုင်ငံသားတစ်ဦးက မနေ့က တိုင်ကြား စာရေးသားပေးပို့လိုက်တယ်လို့လည်း MT News က သိရပါတယ်။
Kiran Verma ရဲ့ ရေးသားချက်တွေကို တိုင်ကြားသူက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur နဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်းရှန်ကာဆီကို ပေးပို့တဲ့စာမှာဆို မြန်မာအာဏာပိုင်တွေရဲ့ စစ်ဆေးမှုတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားရတယ်လို့ Kiran Verma ရေးသားခဲ့မှုဟာ မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေရတဲ့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေနိုင်သလို ပိုလို့တောင် နာကျင်စရာကောင်းတာက အိန္ဒိယကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံကနေ လုံးဝထွက်ခွာသွားပြီလို့ လူတချို့က မှားယွင်း ယုံကြည်နေကြမှုပါလို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် Kiran Verma ဟာ သူနာမည်ရဖို့ ကြိုးပမ်းမှုဟာ မြန်မာပြည်သူပြည်သားများစွာအတွက် အလွန်ကြိုးစားလုပ်ဆောင်ပေးနေတဲ့ အိန္ဒိယစေတနာ့ဝန်ထမ်း၊ အိန္ဒိယတပ်မတော်နဲ့ ဆေးဘက်ဆိုင်ရာပညာရှင်တွေရဲ့ စေတနာနဲ့ ကရုဏာကို စော်ကားရာရောက်တဲ့အပြင် ပြည်ပရောက် မီဒီယာတွေက Kiran Verma ရဲ့ ပို့စ်ကို အခြေခံပြီး သတင်းမှားတွေနဲ့ အမုန်းမီးပွားအောင် လှုံ့ဆော်တာကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ သဘောထား ကွဲလွဲမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း အမုန်းတရားကြီးမားလှတဲ့ Exile Media တွေရဲ့ ပို့စ်တွေကို Screenshot ရိုက်ပြီး ပေးပို့ခဲ့ပါသေးတယ်။
ဒါ့အပြင် Kiran Verma ရေးသားချက်မှာ သေနတ်ကိုင်ထားတဲ့ တပ်မတော်သားတွေရဲ့ စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့လည်း EAO, NLD, CRPH နဲ့ PDF တွေရဲ့ ဘုန်းကြီးတွေ၊ အရပ်ဘက်ဝန်ထမ်းတွေနဲ့ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်မှုအပါအဝင် သိက္ခာမဲ့တဲ့လုပ်ရပ်တွေကို တားဆီးဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုးနိုးကြားကြားရှိနေရမှာဖြစ်သလို PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲနဲ့ မတည်မငြိမ်ဖြစ်နေရတဲ့ မြန်မာနိုင်ငံမှာ တစ်ဦးချင်း အထူးသဖြင့် နိုင်ငံခြားသားတွေအဖို့ သူတို့ရဲ့ဘေးကင်းမှုနဲ့ အခြားသူတွေရဲ့ လုံခြုံရေးအတွက် မေးခွန်းထုတ်ခံရခြင်းကလည်း အထူးအဆန်းမဟုတ်ပါဘူးလို့ ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံအကြောင်းကို တိတိပပမသိဘဲ ခဏတာရောက်လာပြီး ကိုယ့်ကို လူသိများဖို့လုပ်သွားတဲ့ Kiran Verma ရဲ့ လုပ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ တိုင်စာကို ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်းရှန်ကာကိုလည်း ပေးပို့ခဲ့သလို မြန်မာ့ငလျင်ဘေးကို အားတက်သရော ကူညီပေးနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒရာမိုဒီထံကိုလည်း ပေးပို့ဖို့ကြိုးပမ်းသွားမယ်လို့ သိရပြီး သူဒီလို တိုင်ကြားမှုအပေါ် MT News ကိုလည်း “မြန်မာလူမျိုးတွေက ကျေးဇူးတင်တတ်ကြသလို အရမ်းလည်း တောင်းပန်ချင်ကြတယ်။နိုင်ငံခြားသားဆိုရင် ပိုပြီးတောင်ကျေးဇူးတင်ချင်၊ တောင်းပန်ချင်ကြသေးတယ်။ ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး။ TikTok လို Social Media Platform မှာ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တာလေးတစ်ခု ပြောလိုက်၊ ကြားလိုက်ရတာနဲ့တင် အဲ့ဒီလူကို ကျေးဇူးတင်ပါတယ်၊ တောင်းပန်ပါတယ် လုပ်ပြီးသားပါ။ အခုလည်း သံရုံးကို အကြောင်းကြားစာ ပို့ထားတာပါ။ သူပြောလိုက်တဲ့ စကားကြောင့် နိုင်ငံတကာက အလှူရှင်တွေ မလာတော့ရင် ခုနက အရမ်းကျေးဇူးတင်ပြီး တောင်းပန်တတ်ကြတဲ့ မြန်မာနိုင်ငံသားတွေ တကယ့်ကို ဒုက္ခရောက်ကြမှာ စိုးလို့ပါ။ ကူညီကယ်ဆယ်ရေးလုပ်တယ်ဆိုတာ တကယ့်ကို အပင်ပန်းခံ၊ စေတနာအရင်းခံ၊ အနစ်နာခံမှုတွေနဲ့ လုပ်ကိုင်နေကြတာကို အားလုံးမျက်မြင်ဖြစ်မှာပါ။ အခု သူ(Kiran Verma)က ခဏလေးရောက်လာတယ်။ ဟိုဟိုဒီဒီကြည့်ပြီး ဒီက စည်းကမ်းအချို့နဲ့ သူ အဆင်မပြေလို့ သူ့သဘောနဲ့သူပြန်တာကို မြန်မာစစ်တပ်က သေနတ်နဲ့ ခြိမ်းခြောက်နေသယောင် ယူဆလို့ရအောင် ပြောထားတော့ တခြားအလှူရှင်တွေကပါ လက်တွန့်သွားမှာကို စိုးရိမ်မိပါတယ်။ ဒါကြောင့် သံရုံးကို အကြောင်းကြားလိုက်ရတာပါ။ လူတွေက Social Media ပေါ် တက်ပြီး ဟုတ်တာရော မဟုတ်တာရော ပေါင်းပြီး ဒရာမာလုပ်နေကြတာ သိပ်ကို ကြောက်ဖို့ကောင်းပါတယ်။ အိန္ဒိယက စစ်မှန်တဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံပါ။ အခုလိုအခြေအနေမျိုးမှာ အကူအညီအများကြီးကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ပေးတာတွေအတွက် မြန်မာလူမျိုးတွေက အမြဲကျေးဇူးတင်နေမှာပါ”လို့ ပြောပါတယ်။
၄။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ မြန်မာ့ဘေးဆိုးငလျင်ဟာ မြန်မာနိုင်ငံအဖို့ နှစ်ပေါင်း ၁၈၀ အတွင်းမှာ အဆိုးဆုံးဖြစ်သလို ဒီငလျင်ကြောင့်ပဲ ဧပြီ ၆ ရက် ညနေ ၅ နာရီအထိ လူပေါင်း ၃၅၆၄ ဦး သေဆုံးထားသလို အသေးစိတ်မသိရသေးပေမဲ့ ဧပြီ ၅ ရက်အထိ စာရင်းတွေအရ အဆောက်အဦပေါင်း ၅,၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်စာသင်တိုက် ၂,၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးတဲ့အပြင် ဘုရားစေတီပေါင်း ၄,၈၁၇ ခုနဲ့ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ်တာဝါတိုင်တွေ၊ ဗလီတွေ ရာထောင်ချီလည်း ပျက်စီးခဲ့သေးတာပါ။
ဒီလို ပျက်စီးမှုတွေအတွက် နိုင်ငံ ၂၀ က ထောက်ပံပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်း တန် ၂၀၀၀ လောက်ပဲ ရထားသေးတာပါ။ နိုင်ငံတကာက ကူညီကယ်ဆယ်မှုတွေဟာ ငွေကြေးအနေနဲ့လာတာမဟုတ်ဘဲ တန် ၂၀၀၀ လောက် ပစ္စည်းတွေနဲ့ ကူညီကယ်ဆယ်သူ ၁၇၃၈ ဦးကို ကူပံ့တဲ့အခြေအနေပည။ ဒီကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အစိုးရမတည်ငွေ ကျပ်ဘီလျံ ၅၀၀၊ လုပ်ငန်းရှင်တွေ လှူဒါန်းငွေ ကျပ် ၁၁၆ ဘီလျံ အားလုံးပေါင်းရင်တောင် လက်ရှိ ပျက်စီးဆုံးရှုံးမှုအတွက် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေချိန်မျိုးမှာ SAC အစိုးရကို မနှစ်မြို့တာနဲ့ နိုင်ငံတကာက အကူအညီမရအောင်၊ နိုင်ငံတကာက အကူအညီထပ်မလာအောင် လုပ်ဆောင်သမျှဟာ မန္တလေး၊ စစ်ကိုင်းနဲ့ တခြားမြို့များစွာက ငလျင်ဒဏ်ခံ ပြည်သူတွေအပေါ်ပဲ ဆိုးရွားစွာသက်ရောက်မှာပါ။
ဒီလိုမျိုး SAC အစိုးရကို တရားဝင်အစိုးရလို့ မဆက်ဆံစေချင်လို့ ပုံဖျက်တယ်ဆိုဦးတော့ လွန်ခဲ့တဲ့လေးနှစ်ကသာ အောင်မြင်မှာဖြစ်ပေမဲ့ လက်ရှိကာလမှာတော့ အမေရိကန်လို နိုင်ငံမျိုးကတောင် ဒေါ်လာ ၉ သန်းဖိုး ကူညီထောက်ပံ့ပစ္စည်းတွေကို SAC အစိုးရထံ တိုက်ရိုက်ကူညီနေပြီဖြစ်တာမို့လို့ ပြည်သူလူထုကို တိုက်ရိုက်ထိခိုက်စေမဲ့ ကူညီကယ်ဆယ်ရေးကို နှောင့်ယှက် ပုံဖျက်နေသူတွေအဖို့ ဒီလိုကာလမှာ အသိဉာဏ်မဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေ ရပ်တန့်ထားတာ အကောင်းဆုံးဖြစ်မှာပါ။