လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီး အဆောက်အအုံများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်နေဟု ပြောကြား

၆. ၄. ၂၀၂၅
Written by Nyein Kyaw
ဧပြီ ၆ ရက်(ယနေ့) ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃,၅၆၄ ဦးနှင့် ဒဏ်ရရှိသူ ၅,၀၁၂ ဦးရှိလာခဲ့ပြီး နိုင်ငံပေါင်း ၂၀ မှ လေယာဉ် ၈၈ စင်း၊ သင်္ဘော ၅ စင်း၊ ကား ၆ စင်းဖြင့် ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦးနှင့် ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန် ၂,၀၀၀ ကျော်အထိ ရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေ့ ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံးဒဏ်ရာရစာရင်းအနေနဲ့ သေဆုံးသူ ၃,၅၆၄ ဦးဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ ၅,၀၁၂ ဦးဖြစ်ပါတယ်။ ပျောက်ဆုံးသူ ၂၁၀ ဦးဖြစ်ပါတယ်။ နိုင်ငံတကာမှ ကူညီကယ်ဆယ်မှုများအနေနဲ့ နိုင်ငံ ၂၀ မှ လေယာဉ်ခေါက်ရေ ၈၈ စင်း၊ သင်္ဘော ၅ စင်း၊ ကား ၆ စင်းနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဝန်ထမ်းများ ပို့ဆောင်လာခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး၊ ထောက်ပံ့ပစ္စည်း ၁,၁၉၇ တန်ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်း ၈၄၄ တန်ကျော် ရောက်ရှိပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သို့သော် တချို့ပြည်ဖျက်မီဒီယာများအနေဖြင့် မြန်မာနိုင်ငံမှ ခွင့်မပြုတော့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များ ပြန်ကြတော့မည်ဆိုသော ကောလာဟလများကို ထုံစံအတိုင်း အချိန်ကိုက် ထုတ်လွှင့်မှုများကိုလည်း ရေးသားဖော်ပြနေပြီး ထိုဖြစ်စဥ်အပေါ်“ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုများနားလည်အောင် ကျွန်တော်တို့ ရှင်းလင်းတင်ပြပါမယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီငလျင်ဘေးဒဏ်ခံစားရတဲ့နေရာမှာ သူ့ရဲ့အဆင့်လိုက်ပဲ အလုပ်လုပ်ပါတယ်။ အဆင့် ၁၊ ၂၊ ၃၊ ၄ စသဖြင့် အဆင့် ၁ အနေနဲ့က သူက ကျွန်တော်တို့ အသက်ရှင်လျက်ကျန်ရှိနေသူတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ အသက်ရှင်လျက် ကျန်ရှိသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းများ ကျွန်တော်တို့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ ငလျင်လှုပ်ပြီး ၆ ရက်အကြာမှ အသက်ရှင်လျက်တွေ့ရှိရတဲ့သူတစ်ဦးရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်၏ စစ်ကိုင်းခရီးစဉ်အတွင်း အဆိုပါ ၆ ရက်အကြာမှ အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့သည့် စစ်ကိုင်းတွင် ပညာရေးဆိုင်ရာသင်တန်းတစ်ခု တက်ရောက်နေချိန် တည်းခိုရေးနေရာတစ်ခု၌ ပိတ်မိနေစဉ် ကယ်ဆယ်နိုင်ခဲ့သော မင်းကင်းမြို့မှ ကျောင်းဆရာကို ဆေးရုံတွင် တွေ့ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အခုအချိန်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီးတော့ ကျွန်တော်တို့ အဆောက်အအုံတွေကို ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြီးရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကျွန်တော်တို့ ဆောင်ရွက်ရပါမယ်။ နိုင်ငံတော်အစိုးရနဲ့ စေတနာရှင် လုပ်သားပြည်သူတွေ၊ နိုင်ငံတကာက အကူအညီတွေနဲ့ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။