

MT News
၆. ၄. ၂၀၂၅
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအတွက် ထောက်ပံ့သည့် တတိယအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ဧပြီ ၅ ရက်တွင် ရောက်ရှိလာခဲ့ပြီး မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
မြန်မာနိုင်ငံ၏ ဒေသစံတော်ချိန် ဧပြီလ ၅ ရက်နေ့ ၁၂ နာရီ ၁၅ မိနစ်တွင် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအတွက် ထောက်ပံ့သည့် တတိယအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။
တတိယအသုတ်ပစ္စည်းများတွင် ရေသန့်စက် ၁၀၄၈ စုံ၊ ခြင်ထောင်အလုံးရေ ၁၀၀၀၀ ၊ အရေးပေါ်ဆေးအိတ် ၁၅၀၀၀ နှင့် ရွက်ဖျင်တဲအကြီးစား ၄၀၀ စသည်တို့ပါဝင်ပြီး ဘေးဒဏ်သင့်ဒေသသို့ နေ့ချင်းပို့ဆောင်ပေးမည်ဖြစ်သည်။
တရုတ်နိုင်ငံက မြန်မာ့ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ ဖိုး ထောက်ပံ့ကူညီရန် ဆုံးဖြတ်ထားပြီး ပထမအသုတ်အလှူအဖြစ် မတ်လ ၃၁ ရက်တွင် ရွက်ဖျင်တဲ ၁,၂၀၀ လုံး၊ ခြုံစောင် ၈,၀၀၀၊ အရေးပေါ်ကယ်ဆယ်ရေးအိတ် ၄ သောင်းကျော်ကူညီထားပြီး ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဧပြီ ၃ ရက်တွင် ရွက်ဖျင်တဲ ၈၀၀ လုံး၊ ခြုံစောင် ၂,၀၀၀၊ ဘီစကွတ်သေတ္တာ ၃၀၀၀၊ Mineral Water သေတ္တာ ၂,၀၀၀ တို့ ပို့ဆောင်ရောက်ရှိပြီးဖြစ်သည်။