
၆. ၄. ၂၀၂၅
Written by Nay Moe
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မယ်လို့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ၊ တအာန်းလက်နက်ကိုင် TNLA နဲ့ ရခိုင်လက်နက်ကိုင် AA တို့ ဧပြီ ၁ ရက် ကြေညာခဲ့ပေမဲ့ အကြမ်းဖက်လက်နက်ကိုင်တို့ရဲ့ သစ္စာမဲ့မှု၊ ကတိမတည်မှုထုံးစံအတိုင်း ဧပြီ ၂ ရက် မနက်မှာတော့ ရခိုင်လက်နက်ကိုင် AA ဟာ တပ်မတော်ရဲ့ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူလိုက်တယ်လို့ မနေ့က ဧပြီ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းထဲမှာ မြောက်ပိုင်းသုံးဖွဲ့ထဲကပဲ MNDAA ဟာ တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ လားရှိုးကို အပစ်ရပ်မယ်လို့ တိုင်းသိပြည်သိ တရုတ်နိုင်ငံသိအောင် ကြေညာစာထုတ်ခဲ့ပေမဲ့ ကတိမတည်ဘဲ လားရှိုးကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုမှာ လားရှိုးက တပ်မတော်ဆေးရုံက လူနဲ့ ဆေးတပ်က တပ်မတော်သားရာချီ သေဆုံး အဖမ်းခံခဲ့ရတဲ့ သစ္စာမဲ့ ကတိမတည်မှု ပြယုဂ်အထင်ကရရှိခဲ့ပါတယ်။
လက်ရှိဖြစ်စဥ်မှာလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရဆဲ ရခိုင်လက်နက်ကိုင် AA ဟာ MNDAA လိုမျိုးပဲ သစ္စာမဲ့ ကတိမတည် ကိုယ်ထုတ်ထားတဲ့ အပစ်ရပ်စာ ကိုယ်တိုင်ဖောက်ဖျက်ပြီး ၂၄ နာရီမပြည့်ခင်မှာတင် ညောင်ကျိုးစခန်းကို သာလွန်အင်အားနဲ့ အလစ်အငိုက်ယူ ဝင်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲကစပြီး တောင်ကုတ် – ပန်းတောင်းလမ်းပိုင်း၊ ဥသျှစ်ပင်မြို့အနီးက ညောင်ကျိုးစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စခန်းကို မသိမ်းနိုင်ဖြစ်နေတာကြောင့် မတ်လ ဒုတိယအပတ်ထဲမှာ သိမ်းနိုင်ပြီဖြစ်ကြောင်း လိမ်လည်ဝါဒဖြန့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အမှန်တကယ်သိမ်းနိုင်စွမ်းမရှိကြောင်း သတင်းမှန်တွေထွက်လာအပြီးမှ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က တစ်ကြိတ်တည်း တစ်ဉာဏ်တည်းသဘောနဲ့ ငလျင်အကြောင်းပြ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်မယ် အယုံသွင်းထုတ်ပြန်ပြီးမှ ထုတ်ပြန်ချက် ၂၄ နာရီမပြည့်ခင် ညောင်ကျိုးစခန်းကို ဝင်တိုက်ခိုက်သိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။
AA လိုပဲ PDF တွေဟာ တိုက်ခိုက်မှုမရပ်တာ၊ KIA ဟာ စစ်ရေးလှုပ်ရှားမှု ဆက်လုပ်နေတာ၊ TNLA ဟာ ကျောက်မျက်ခိုးထုတ်မှုတွေ လုပ်ဆောင်နေတာကြောင့် တပ်မတော်အဖို့လည်း လက်နက်ကိုင်တွေရဲ့ ထိုးစစ်ဆင်မှုတွေ တန့်သွားအောင် ခုခံစစ် ဆင်နွှဲနေရတယ်လို့လည်း သိရပါတယ်။