နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်မှု ၇၉ ကြိမ်အထိရှိခဲ့ပြီး ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၄၅၅ ဦးအထိ ရှိခဲ့ဟုပါ ပြောကြား

၆. ၄. ၂၀၂၅
Written by Nyein Kyaw
မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အဦများ သတ်မှတ်ချက်နှင့် မကိုက်ညီသည်ကို တွေ့ရှိသဖြင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် မကိုက်ညီသည်ကို ပြန်လည်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဧပြီ ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃,၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄,၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး စုစုပေါင်း ၈,၆၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်းမရရှိသေးသော်လည်း အဆောက်အဦးပေါင်း ၅,၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂,၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄,၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆောက်အဦများ ဆောက်လုပ်ရာတွင် ခိုင်ခန့်မှုရှိအောင်ဆောင်ရွက်မှသာ နောင်ကာလ အချိန်များတွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ် အဆောက်အဦများ ပျက်စီးမှုများကြောင့် သေဆုံးမှုများရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်၍လေ့လာကြည့်သည့်အခါ ယခုဖြစ်ပေါ်ခဲ့သည့်သင်ခန်းစာသည် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည့်ဆုံးရှုံးမှုဖြစ်ပြီး ကြီးမားသည့် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ငလျင်နှင့်ပတ်သက်ပြီး အဆောက်အဦများ ဆောက်လုပ်ရာတွင် ငလျှင်ဒဏ်ကိုခံနိုင်သည့် အဆောက်အဦများဖြစ်စေရေး အင်ဂျင်နီယာပိုင်းဆိုင်ရာများကို စနစ်တကျ စိစစ်တည်ဆောက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောကြီး အပေါ်တွင်တည်ရှိကြောင်း၊ အဆိုပါပြတ်ရွေ့ကြောကြီး၏ ပွတ်တိုက်ရွေ့လျားမှုကြောင့် ပြင်းထန်သည့်ငလျင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲ ငလျင်ငယ်လေးများ ဆက်လက်လှုပ်ခတ်လျက်ရှိပြီး ယခုအချိန်အထိ ၇၉ ကြိမ် ရှိပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံတွင် ရက်ချ်စတာစကေး ၆ နှင့် ၇ ပတ်ဝန်းကျင် လှုပ်လေ့လှုပ်ထရှိပြီး အမြင့်ဆုံးမှာ ရက်ချ်စတာစကေး ၈ အထိအမြင့်ဆုံးလှုပ်ခတ်ခဲ့သဖြင့် မိမိတို့အနေဖြင့် ငလျင်သက်ရောက်သည့် ဒေသတွင်ရှိသည့်ဒေသများ၌ အဆောက်အဦများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆောက်အဦများ ဆောက်လုပ်ရာတွင် ခိုင်ခန့်မှုကိုအလေးမထားသည့် အတွက်မလိုလားအပ်သည့် ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အဦများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများမရှိသည်ကိုစိစစ် တွေ့ရှိရကြောင်း၊ ထိုသို့ သတ်မှတ်ချက်နှင့် မညီညွတ်ဘဲ ဆောင်ရွက်ထားသည်များကို ပြန်လည်စိစစ်အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။